ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

 
နေပြည်တော်၊ ဇူလိုင် ၁

 
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

 
ဇွန် ၃၀ ရက် ည ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်း အလယ်ရပ်ကွက်၊ ရှုခင်းသာလမ်း၊ အောင်သုခမီးပွိုင့်အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ် ပိတ်ဆို့ ဆောင်ရွက်နေစဉ် သန်လျင်မြို့ဘက်မှ မောင်းနှင်လာသည့် အဖြူရောင်ယာဉ်တစ်စီးပေါ်မှ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်မှာ မောင်းနှင်ထွက်ပြေးသွား ခဲ့သဖြင့် ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်ရှိ အမှတ်(၁)သန်လျင်တံတားထိပ်သို့ သန်လျင်မြို့ဘက်မှ သာကေတမြို့နယ်ဘက်သို့ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်နေ ဇော်လင်းထွန်း (ခ)စွန်နီး(၃၀)နှစ် (ဘ)ဦးစိုးလွင် မောင်းနှင်ပြီး ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ပါးပါးလေး (ခ)ရန်နကား(၄၁)နှစ် (ဘ)ဦးရန်မိဆက် လိုက်ပါစီးနင်းလာသော အဆိုပါ ယာဉ်အား ယာဘက်ဘေး၌ ကျည်ဒဏ်ရာ ၂ ချက်နှင့် ယာဉ်နောက်လေကာ မှန်များကွဲကြေနေသည်ကို တွေ့ရှိ၍ ထိန်းသိမ်းကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 
အလားတူ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ပြည်လမ်းရှိ၊ မြေနီကုန်းတံတားအောက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတားအောက်ရှိ ယာဉ်ထိန်းနားနေဆောင်၏ ဘောင်ပေါ်မှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲထားပြီး ပေါက်ကွဲထားသည့် သံပိုက်အပိုင်းအစများ၊ ဘောစေ့များ အား တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းနားနေဆောင်တွင် ကာရံထားသည့် မှန်များ ကွဲအက် ပျက်စီးခဲ့ပြီး အနီးမှ လမ်းလျှောက်လာသူ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်နေ မစာမယ်ဖုန်း (၂၅)နှစ် (ဘ) ဦးဝမ်းဒိုး၏ နဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

 
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။