နေပြည်တော်၊ မေ ၁၄
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ အား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သမဝါယမတက္ကသိုလ်လမ်းရှိ သာသနာ့ဗိမ္မာန်မြောက်ဘက်ခြံစည်းရိုးဘေး၌ လည်းကောင်း၊ အမှုထမ်းရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ရှေ့၌လည်းကောင်း၊ ဘုရားကုန်းကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဘေးရှိမြေကွက်လပ်၌ လည်းကောင်း၊ အမှုထမ်းရပ်ကွက်၊ ဘဏ်လမ်းကြား၌လည်းကောင်း၊ မြို့မမြောက်ရပ်ကွက်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီရုံး၏ ခြံစည်းရိုးဘေး ရေမြောင်းအတွင်း၌ လည်းကောင်း၊ တာဝကျေးရွာရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အရှေ့ လမ်းမပေါ်၌လည်းကောင်း စုစုပေါင်း ၆ နေရာတို့၌ မေ ၁၃ ရက် တွင် ပေါက်ကွဲမှုများဖြစ်ပွား ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများမှ ပေါက်ကွဲထားသည့် PVC ပိုက်အပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ပြီး ပေါက်ကွဲမှုများကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်၊ အုန်းတောတိုးချဲ့ရပ်ကွက်၊ (၅)လမ်း၊ အမှတ်(၁၂)နေ ဦးအောင်နိုင်ဝင်း(စိစစ်ဆဲ)၏ နေအိမ်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းသည် နေအိမ်ရှေ့ စားပွဲတွင် တစ်ဦးတည်း စာဖတ်နေစဉ် နေအိမ်ရှေ့လမ်းမပေါ်မှ အကြမ်းဖက်သူ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဦးအောင်နိုင်ဝင်း၏ ကျောကုန်းတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ နေအိမ်ရှေ့ ဖိနပ်ချွတ်အပေါ်ရှိ အလျား ၈ ပေ၊ အနံ ၅ ပေခန့်ရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသော အလှမီးဆိုင်း၊ နေအိမ်ရှေ့ ဖိနပ်ချွတ်ယာဘက်ခြမ်း အုတ်နံရံတို့တွင် ပေါက်ကွဲစထိမှန်၍ အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ (က)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ယင်းနေ့ ညပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံ၏ မျက်နှာစာရှိ လက်ဆေးကန်အောက်၌ လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ဆေးရုံမျက်နှာစာရှိ ပြူတင်းပေါက်မှန် ၄၈ ချပ်၊ မီးသီး ၇ လုံး၊ မျက်နှာကျက် ၁၀ ခု တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သခင်နက်ဖေလမ်းရှိ ကမ္ဘောဇဘက်ခွဲ(၁)အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘဏ်အနီး ခရေပင်ဘေးရှိ ဓာတ်တိုင် အောက်ခြေမှ လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပလက်ဖောင်း ၂ ပေပတ်လည်ခန့်၊ ကမ္ဘောဇဘဏ်ဘေးတွင် တပ်ဆင်ထားသည့် မှန် ၅ ချပ် ကွဲအက်ပျက်စီးခဲ့ပြီး အဆိုပါဘဏ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
၎င်းအပြင် ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ခါနမ်ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးအစည်းအဝေးခန်းမ ခေါင်မိုးပေါ်သို့ အမျိုးအစား(စိစစ်ဆဲ) ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အမိုးသွပ် ၄ ချပ်ပေါက်ပြဲကာ မျက်နှာကျက် ၂၄ ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါရုံးအတွင်းရှိ ဦးစံနီ ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကျွဲတဲအုပ်စု၊ ရွှေချောင်းရပ်နေ ဦးကျော်နိုင် ပိုင်ဆိုင်သော “ပြည့်ထက်သာ”စတိုးဆိုင်အား အကြမ်းဖက်သူအမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ဆိုင်အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ဆိုင်အတွင်း ဈေးဝယ်နေသည့် မြို့ရှောင်လမ်းနေ ဒေါ်ကြည်ကြည်သိန်း (၄၉)နှစ်(ဘ) ဦးသောင်းရွှေတွင် ဗုံးထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။