နေပြည်တော်၊ ဧပြီလ ၃၀
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန် တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ၇၈ လမ်းနှင့် ကျွဲဆည်ကန် (၆)လမ်းထောင့်ရှိ UAB ဘဏ်ရှေ့၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ် ရပ်ကွက်၊ ၃၆ လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ စည်ပင်ဝန်ထမ်းအိမ်ရာ၌လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ မြို့နယ်ခန်းမရှေ့ လမ်းမ၌ လည်းကောင်း၊ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ပါရမီလမ်းသွယ်ရှိ တရားရုံးဝန်ထမ်း လိုင်းခန်း၌လည်းကောင်း အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ထွက်ပြေးသွားသဖြင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလားတူ ဧပြီလ ၂၉ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သူ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး ပစ်ပေါက်မှုကြောင့် ရုံးပြူတင်းပေါက် တံခါးမှန် ၃ ချပ် ကွဲအက်ပျက်စီးခဲ့ကာ မီးလောင်ကျွမ်းမှု မရှိကြောင်း သိရသည်။
၎င်းအပြင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်စေတနာရပ်ကွက်၊ တောင်တွင်းလမ်းနှင့် အဝေရာလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် လက်လုပ်မိုင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါ လက်ဖက်ရည်ဆိုင်၏ မြောက်ဘက်ခြမ်း ခြံစည်းရိုးဘေးတွင် အပြာရောင် လက်ဆွဲအိတ် ၁ လုံးအတွင်းမှ အဝါရောင် တိပ်ပတ်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူအန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါချိန်ကိုက်မိုင်းအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှ ဖယ်ရှား ရှင်းလင်း သိမ်းဆည်းခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းသိရသည်။