ဆော်ဒီမှ ခရီးသွားလုပ်ငန်းကြော်ငြာမျက်နှာဖုံးလုပ်ရန်ကမ်းလှမ်းမှု စီရော်နယ်ဒိုငြင်းဆန်  မက်ဆီကို လည်းကမ်းလှမ်းထားပြီး လူ့အခွင့်အရေးချိုးဖောက်၍ ငြင်းဆန်ခြင်းဖြစ်

 

ဂျူဗင်တပ်စ်အသင်းမှ     ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဆော်ဒီအာရေဗျ နိုင်ငံက ၎င်းတို့၏ ပြည်ပခရီးသွားလုပ်ငန်းအတွက်  ကြော်ငြာမျက်နှာဖုံးအဖြစ်   လုပ်ဆောင်ပေးရန် ငွေကြေးများစွာပေးပြီး ကမ်းလှမ်းခဲ့သော်လည်း   စီရော်နယ်ဒိုဘက်မှ   ငြင်းဆန်ခဲ့ကြောင်း Telegraph  သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ဆော်ဒီအာဏာပိုင်များသည် ပြီးခဲ့သည့်ရက် ပိုင်းက  ဘောလုံးသမိုင်းတွင်  နိုင်ငံနှင့်ကလပ် အသင်းသွင်း ဂိုး   အများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သော ရွှေဘောလုံးငါးဆုရှင် စီရော်နယ်ဒိုကို  ၎င်းတို့နိုင်ငံ၏   ပြည်ပခရီးသွားလုပ်ငန်းအတွက် နေရာတိုင်း၌ ကြော်ငြာသူအဖြစ် အသုံးပြုလိုသော ကြောင့် တစ်နှစ် ပေါင် ၅ ဒသမ ၃ သန်းအထိပေးပြီး ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုအနေဖြင့် ထိုကမ်းလှမ်းမှုကို လက်ခံခဲ့လျှင် ဆော်ဒီအာရေဗျနိုင်ငံသို့ လာရောက်လည်ပတ်မှု များကို အလျဉ်းသင့်သလို လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ခရီးသွားအစီအစဉ် ပရိုမိုးရှင်းလုပ်ငန်းများတွင် လည်း ပါဝင်ပေးရမည်ဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် မြေအောက်သယံဇာတ (အထူးသဖြင့် ရေနံ)ထုတ်လုပ်မှု အချိန်ကြာလာသည်နှင့်အမျှ  ရင်းမြစ်များကုန်ဆုံးသွားမည်ကို သိသဖြင့် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖြင့် ရပ်တည်ရန်  စီမံကိန်းချပြီး Visit Saudi အမည်ဖြင့် လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်လုပ်ဆောင်နေရာ ထိုစီမံကိန်းတစ်ပိုင်းတစ်စအဖြစ်   စီရော်နယ်ဒို ကို  သံတမန်သဖွယ်    ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။    သို့သော်  ဆော်ဒီအာရေဗျနိုင်ငံသည်     လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်စဉ်များစွာကြောင့်    စွပ်စွဲချက်များရှိနေခဲ့၍    မည်သည့်ကမ္ဘာကျော်အားကစား သမားကမျှ    ဆော်ဒီအာရေဗျနှင့်လက်တွဲပြီး  အလုပ်မလုပ်လိုကြသည့်အတွက်    စီရော်နယ်ဒိုဘက်မှ ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း  Telegraph   သတင်းဌာနက ဖော်ပြခဲ့သည်။

ဆော်ဒီအာဏာပိုင်များသည်   ရွှေဘောလုံးခြောက်ဆုရှင် မက်ဆီကိုလည်း ထိုကဲ့သို့ ကမ်းလှမ်းမှုပြု လုပ်ထားပြီး မက်ဆီဘက်မှ တုံ့ပြန်မှုကို မသိရသေးဘဲ စီရော်နယ်ဒိုနှင့်မက်ဆီတို့၏ ကိုယ်စားလှယ်များ ဘက်မှ တုံ့ပြန်ဖြေရှင်းချက် တစ်စုံတစ်ရာမရခဲ့ကြောင်း သိရသည်။