ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၅

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့ကို လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆေးကုသရေးအဖွဲ့များအား စေလွှတ်ကုသရာတွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာပြည်သူ့ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်ရှိ ယင်းတော်တိုက်နယ် ဆေးရုံ၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင် တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများနှင့် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူး တင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။