ဆေးကုသရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံ များသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊  မတ် - ၂၈

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော် တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊  ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါ ဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

    အလားတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းင်းတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း မရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့သဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှ တပ်မတော်သား ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့အား အဆိုပါိဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စတင်ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်းရရှိသည်။