ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်  မေ  ၁ဝ

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊  အရိုး/ အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေး အဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆေးကုသရေး အဖွဲ့များကို စေလွှတ်ကုသလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ   သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊  ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာမြို့နယ်  ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံနှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများနှင့် ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  ထိုသို့  ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများ အနေဖြင့်     အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။