ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
သင်္ဘောမညှိုး
အင်္ဂလိပ်အမည်- Madagascar Periwinkle
မျိုးရင်း - Apocynaceae (ဆယ့်နှစ်ရာသီမျိုးရင်း)
ရုက္ခဗေဒအမည် - Vinca rosea Linn;
အဓိကဆေးဖက်ဝင်ပုံ
ဆီးချိုရောဂါ၊ သွေးကင်ဆာရောဂါ၊ မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်အဖြူဆင်းရောဂါ။
ဆေးဖက်ဝင်အစိတ်အပိုင်း- ပဉ္စငါးပါး။
အပင်ပုံသဏ္ဌာန်
ပင်ပျော့ပင်ငယ် သက်ပြင်းမျိုးဖြစ်သည်။ တစ်ပေမှ နှစ်ပေခွဲအထိမြင့်သည်။ ပင်စည်လုံးသေးငယ်၍ အခက်ဖြာထွက်သည်။ ပင်စည်ရိုးတံနှင့် အခက်ပါ မက ရွက်ညှာများပါ မရန်းရောင်သန်းသည်။ ပင်စည် အရင်းနားတွင် အပွေးအနည်းငယ်ရှိသည်။ ပင်စည် အထက်ပိုင်းချောမွေ့သည်။
အရွက်များမှာ ရွက်ဆိုင်ထွက်၍ အရွက်မှာ ထိပ်ဝိုင်းပြီး အရင်းသွယ်သွားသည်။ ရွက်နားညီ၍ ရွက် ညှာရှည်သည်။ ရွက်ပြားချောမွေ့ပြီး ရွက်ကြော များထင်ရှားသည်။ အပွင့်မှာ အဖြူရောင်၊ နီညိုရောင် နှစ်မျိုးရှိ၏။ နီညိုရောင်ကိုသာ အသုံးများသည်။ အပွင့်တွင် ပွင့်ဖက်ငါးခုပါရှိသည်။ ပွင့်ညှာရှည်သည်။ အရွက်နှင့် ကိုင်းတံကြားသာမက ကိုင်းထိပ်၊ ပင်စည် ထိပ်များတွင်ပါပွင့်သည်။ ဆယ့်နှစ်ရာသီစလုံးပွင့်၏။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ သင်္ဘောမညှိုးပင် သည် အဆိပ်ကိုပြယ်စေ၏။ ဝမ်းမီးကိုတောက်စေ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
ဆီးချိုရောဂါရှိသူများသည် သင်္ဘောမညှိုးရွက်ကို ပြုတ်၍ ထမင်းစားပြီးတိုင်း တစ်ရက်ကို အကြမ်းပန်းကန်တစ်လုံးစာ သောက်ပေးပါက ဆီးချိုတက်ခြင်းကို ထိန်းပေးနိုင်သည်။ မီးယပ်သွေးလွန်၊ သွေးဆင်းများသော သူများသည် မီးယပ်သွေးမပေါ်မီ သုံးရက်ကြိုတင်၍ သင်္ဘောမညှိုး ရွက်ကို သကြားအနည်းငယ် ထည့်ပြုတ်၍ တစ်ရက်လျှင် မတ်ခွက်ငယ်တစ်ဝက်မှ တစ်လုံးအထိ သုံးရက် ဆက်တိုက်သောက်ပါက မီးယပ်သွေးဆင်းများခြင်းမှ သက်သာစေနိုင်သည်။
မီးယပ်အဖြူဆင်းရောဂါဖြစ်လျှင် သင်္ဘောမညှိုး ရွက်ပြုတ်ရည်ကို ပျားရည်အနည်းငယ်ရော၍ ည အိပ်ရာဝင်ခါနီးတိုင်းသောက်ပေးပါက သက်သာစေနိုင်သည်။
ဆီးပူ၊ ဆီးအောင့်ဖြစ်လျှင် သင်္ဘောမညှိုးရွက်ကို ရေသန့်တွင်စိမ်ပြီး ရေဆာတိုင်းသောက်ပေးပါက ဆီးပူ၊ ဆီးအောင့်ခြင်းမှ သက်သာစေနိုင်သည်။
ဆီးအိမ်ကိုက်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးခုံရောင် ခြင်းဖြစ်လျှင် သင်္ဘောမညှိုးပင်ကို ညက်အောင် ထုခြေပြီး ဆီးခုံတွင်ကပ်ပေးပါက သက်သာစေနိုင်သည်။
သင်္ဘောမဲဇလီ
အင်္ဂလိပ်အမည်- Hpak-Lan-Mon-Long
မျိုးရင်း- Caesalpiniaceae (စိန်ပန်းမျိုးရင်း)
ရုက္ခဗေဒအမည် - assia alata Linn;
အဓိကဆေးဖက်ဝင်ပုံ
ပွေး၊ ယားနာ၊ နှင်းခူ၊ အရေပြားမှိုစွဲသောရောဂါ၊ ဝမ်းချုပ်ခြင်း၊ ခံတွင်းတွင်ပေါက်သောအပူနာများ၊
ချောင်းခြောက်ဆိုးခြင်း၊ သလိပ်ပုပ်ရောဂါများအတွက် အသုံးပြုသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း - အမြစ်၊ အပွင့်၊ အရွက်။
အပင်ပုံသဏ္ဌာန်
ပင်လတ်မျိုးဖြစ်၍ ၁၀ ပေခန့်အထိ မြင့်သည်။ အကိုင်းအခက်များသည်။ ပင်စည်စိမ်း၍ ချောမွေ့ သည်။ အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက် သည်။ ရွက်ပြားချော၍ရွက်နားညီသည်။ အပွင့်မှာ အခိုင်လိုက်ပွင့်ပြီး လိမ္မော်ရောင်ရှိသည်။ အသီးမှာ အက်ကွဲသီးမျိုးဖြစ်၍ သီးတောင့်ဖြောင့်ပြီး ပြောင် ချောသည်။ အစေ့ ၅၀ ကျော်ပါသည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ သင်္ဘောမဲဇလီ အစေ့သည်ဖန်၏။ လေကိုပယ်၏။ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရောဂါ၊ ပွေး၊ ယားနာ၊ အရေပြား ရောဂါတို့ကို ပျောက်ကင်းစေ၏။ ရောဂါပိုးကို သေ စေနိုင်၏။ ပÍ္စငါးပါးသည် ဝမ်းသက်စေ၍ သလိပ်ကို ပယ်၏။ ဆီးကိုများစေ၏။ နူနာကိုပျောက်ကင်းစေနိုင် သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
ပွေးကဲ့သို့အရေပြားတွင် ပေါက်သောယားနာကိုသင်္ဘောမဲဇလီရွက်ဖြင့် သွေးအနည်းငယ်စို့သည်အထိ ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
ပုရွက်ဆိတ်၊ ကမြင်းနီစသော အဆိပ်ရှိသော အကောင်များကိုက်လျှင် သင်္ဘောမဲဇလီရွက်ကို ကြိတ်၍ အရည်ကိုညှစ်ပေးခြင်း၊ လိမ်းခြင်း၊ ပွတ်တိုက်ခြင်းများ ပြုလုပ်ပေးပါက အဆိပ်တက်ခြင်းမှသက်သာ စေနိုင်သည်။
ပါးစပ်၊ ခံတွင်း၊ လျှာတို့တွင်ပေါက်သော အပူကန် နာများပျောက်ကင်းစေရန် သင်္ဘောမဲဇလီရွက် ကိုပြုတ်၍ ခပ်နွေးနွေးငုံပေးခြင်းဖြင့် သက်သာပျောက် ကင်းစေနိုင်သည်။
ချောင်းခြောက်ဆိုးပါက သင်္ဘောမဲဇလီရွက်ကို မုယားကြီးရွက်နှင့်ရောပြုတ်၍ အာလုတ်ကျင်းပေး ခြင်း၊ ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။
- နှင်းခူနာပေါက်ပါက အရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်း၊ အရွက်ကိုကြိတ်ခြေပြီး အရည်ကို သံပရာရည်နှင့်ရော၍ စိမ့်ဝင်အောင်ပွတ်လိမ်းပေးခြင်း ဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
ဝဲပေါက်လျှင် သင်္ဘောမဲဇလီရွက်ကို တမာရွက် နှင့်ရောပြုတ်ပြီး ရေချိုးပေးခြင်းဖြင့် ဝဲ၊ ယားနာ၊ နူနာများ ပျောက်ကင်းစေနိုင်သည်။
ဝမ်းချုပ်သူများ၊ ဆီးချုပ်သူများ၊ ပန်းနာရောဂါရှိသူ များသည် သင်္ဘောမဲဇလီဖူးနှင့်အရွက်ကိုပြုတ် သောက်ပါက သက်သာစေနိုင်သည်။
ဝမ်းချုပ်လျှင် သင်္ဘောမဲဇလီရွက်အနုသုံးရွက်ခန့်ကို ထမင်းစားတိုင်း အတို့အမြှုပ်လုပ်စားပါက ပုံမှန် ဝမ်းသက်စေနိုင်သည်။
သီးပင်
အင်္ဂလိပ်အမည် - Elephant Apple
မျိုးရင်း- Rutaceae (ရှောက်မျိုးရင်း)
ရုက္ခဗေဒအမည် - Feroniae lephantum Correa
အဓိကဆေးဖက်ဝင်ပုံ
ရင်ကျပ်၊ ပန်းနာ၊ ခံတွင်းပျက်၊ ကြို့ထိုး၊ လေနာ၊ ဝမ်းဖောဝမ်းရောင်ခြင်းများအတွက် အသုံးပြုသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း - အသီး၊ အခေါက်၊ အရွက်။
အပင်ပုံသဏ္ဌာန်
ရွက်ကြွေပင်ကြီးမျိုးဖြစ်သည်။ အပင်လုံးပတ် နှစ် ပေမှ လေးပေအထိရှိသည်။ အခေါက်ထူ၍ ကြမ်းပြီးမွဲ ခြောက်ခြောက်အရောင်ပေါ်တွင် မီးခိုးရောင်အကွက် များရှိသည်။ အကိုင်းအခက်များပေါ်တွင် သန်မာ၍ ပြောင်လက်နေသော တစ်လက်မခန့်ဆူးချွန်များရှိ သည်။ အသီးသည်လုံးဝိုင်း၍ သက္ကလပ်ဘောလုံး အရွယ်မှ ကြီးလျှင် ဥသျှစ်သီးအရွယ်အထိရှိသည်။ အသီးမှည့်လျှင် အနံ့မွှေးပြီးအတွင်းမှအသားညိုမည်း လာသည်။ ကဆုန်လ၊ နယုန်လတို့တွင် သီးသည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ သီးသီးမှည့်သည် ချိုချဉ်အရသာရှိသည်။ ကြေခဲသည်။ သွေး၊ လေ၊ သလိပ်သုံးပါးကိုနိုင်၏။ ပန်းနာ၊ အော့အန်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းတို့ကို ပျောက်ကင်းစေနိုင်၏။ နှုတ်ကို မြိန်စေ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
အစာမကြေပျို့အန်ပါက သီးသီးအမှည့်ကို ပျားရည် နှင့်ရော၍စားပေးပါက ပျောက်ကင်းစေနိုင်သည်။
ရင်ပြည့်ရင်ကယ်၊ ဝမ်းကြောတင်းသူများသည် သီးသီးနှင့် ဥသျှစ်သီးအမှည့်ကို ဖျော်ရည်ပြုလုပ် သောက်ပါက ဝမ်းနှင့်ပတ်သက်သောရောဂါများ
ပျောက်ကင်းပြီး အစာကြေစေနိုင်သည်။
သီးသီးအစိမ်းကိုစားပေးပါက ပန်းနာ၊ ရင်ကျပ် ရောဂါတို့ကိုသက်သာစေနိုင်သည်။
သီးသီးမှည့်၏အနှစ်ကို ပျားရည်နှင့်ရော၍ ည အိပ်ရာဝင်ချိန်စားပေးပါက အိပ်မပျော်သူများ ကောင်း စွာ အိပ်ပျော်စေနိုင်သည်။
သီးပင်၏အခေါက်ကို သိန္ဓောဆားအနည်းငယ်နှင့် ရောပြုတ်၍သောက်ပါက လေထိုးလေအောင့်ရောဂါ ပျောက်ကင်းစေနိုင်သည်။
ကြည်လွင်မြင့်(မုဒြာ)