ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်- ၅၀၀)သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ဒေသခံပြည်သူများအား နေ့စဉ်အာဟာရ ကျွေးမွေးနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မေတ္တာ၊ စေတနာ၊ ဂရုဏာ လူနာများအခမဲ့ အာဟာရကျွေးမွေးရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံ ပြည်သူများအား ကြည့်ရှုအားပေးပြီး တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။