ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၃၁

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သား များက သွားရောက် ပေးအပ်လှူဒါန်းလျက်ရှိသည်။

 ထိုသို့ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြည်သူ့ ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထန်တလန်မြို့နှင့် တီးတိန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။