ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၅

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာ များကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံ စုစုပေါင်း ၆၁ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာစုစုပေါင်း အင်အား ၄၆၀၉ ဦးတို့ကို စုစုပေါင်း ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ် လှူဒါန်းနိုင်ခဲ့သည်။

 ထိုသို့ပေးအပ် လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ကျောက်တလုံးကြီးမြို့၊ ဆီဆိုင်မြို့နှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လေးကေတိုက်နယ်ဆေးရုံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံနှင့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံတိုက်နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကင်းတပ်တိုက်နယ်ဆေးရုံနှင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နှင့် ရွှေတောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြသည်။

 ၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြု ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical  Mask  ၂၀၀၀၀ ခု၊Hand  Gel  ၁၂၀ ဘူး၊ Hand Sanitizer   ၁၀၀ ဘူးနှင့် Personal Protective Equipment (PPE)  ဝတ်စုံ ၆၀ စုံတို့ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆီဆိုင်မြို့နှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။