နေပြည်တော်၊ ဒီဇင်ဘာ - ၁၀
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲတိုက်နယ်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ပြည်သူ့ ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။