ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သား များက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများက အာဟာရဖြည့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။