ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

 ထိုသို့ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ တပ်မတော် စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/ တပ်ဖွဲ့ အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသည်။

၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများ၌ COVID-19  ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေး အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို တပ်မတော်က ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော ဒေသခံပြည်သူများအား နေ့စဉ်အာဟာရ ကျွေးမွေးနိုင်ရန် အတွက် အလှူငွေများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ Personal Protective Equipment (PPE)   ဝတ်စုံ ၂၀၀ စုံကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း အသီးသီး သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။