ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သား များက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

  ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နှင့် ကျေးသီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီး တိုက်နယ်ဆေးရုံနှင့် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ် ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် တပ်ရင်း / တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်း ခဲ့ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဝန်ထမ်းများအား COVID-19  ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားရေး အဆင်ပြေစေရန်အတွက် ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့်အဖွဲ့ဝင်များက အဆိုပါ စက်ရုံသို့ သွားရောက်၍ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။