နေပြည်တော်၊ ဧပြီ - ၂၃
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်နိုင်ရေး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၀ ရက် ညပိုင်းတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အမြန်လမ်းမိုင်တိုင်အမှတ်၊ ၁၄၇ မိုင်အရောက်၌ မသင်္ကာဖွယ်လူတစ်ချို့အား တွေ့ရှိသဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် ခေါ်ယူစဉ် ဟော်ဟစ်ဆဲဆိုထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့သည်။
ထိုသို့ ထွက်ပြေးသွားသူများအနက် အမျိုးသား ၄ ဦးသည် မစိုးရိမ်ရ ဒဏ်ရာ များရရှိခဲ့ကြောင်း ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကြက်တက်ညောင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်သတင်းပို့ ပြောကြားခဲ့သဖြင့် အဆိုပါဒဏ်ရာရရှိသူများအား သွားရောက်ခေါ်ဆောင်၍ တောင်ငူ မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများ ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။