ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
နေပြည်တော်၊ ဇူလိုင်- ၂၇
နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဝန်ထမ်းများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C) ရုံ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး SINOPHARM ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာ ယနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဝန်ထမ်း ၆၉၂ ဦးကို နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့မှ တပ်မတော်သား ဆေးမှူး၊ ပါရဂူများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆေးထိုးနှံပေးခြင်းဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၈ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အလားတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်များအတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူ စုစုပေါင်း ၁၃၅၀ ဦးတို့ကို သတ်မှတ်နေရာအသီးသီး၌ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ကိုထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သတင်း ရရှိသည်။