တစ်ခုတည်းသောအာဆီယံ တစ်ခုတည်းသောတုံ့ပြန်မှု
မြန်မာနိုင်ငံသည် ဧရိယာအကျယ်အဝန်း ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပထဝီမြေမျက်နှာပြင် အနေအထားအရ သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ မြေငလျင်များလှုပ်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းကဲ့သို့ သဘာဝဘေးဒဏ်များ မကြာခဏ ခံစားရလေ့ရှိပါသည်။ ထိုကဲ့သို့ သဘာဝဘေးဒဏ် အများဆုံး ခံစားရသည့် နိုင်ငံဖြစ်သည့်အတွက် သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ဘေးကင်းလုံခြုံသည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် စီမံခန့်ခွဲပေးခြင်းသည် အခြေခံကျသည့် အချက်ပင်ဖြစ်ပါသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ရရှိလာသည့် အကျိုးသက်ရောက်မှုများနှင့် သဘာဝဘေးဒဏ် ကျရောက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်လည်း လွန်စွာအရေးကြီးလှပါသည်။
မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ခြင်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရေကြီးခြင်း၊ ၂၀၁၉ ခုနှစ်တွင် ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် ကြီးမားသည့် သဘာဝဘေးဒဏ်ကြီးများနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် လွန်စွာအင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ၁၄၈ ဦး သေဆုံးခဲ့ပြီး ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံပေါင်း ၂၇၇၀၁၁ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ရခိုင်ပြည်နယ်သို့ အဓိကဝင်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကာ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သို့လည်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းငယ်ရှိခဲ့ပါသည်။
နိုင်ငံတော်မှ ဆိုင်ကလုန်းမုန်တိုင်းမိုခါအား တုံ့ပြန်ဆောင်ရွက်မှု
အစိုးရအနေဖြင့် မုန်တိုင်းမဝင်ရောက်မီကပင် စနစ်တကျ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန်နှင့် ထိခိုက်မှု လျှော့ချနိုင်ရန် စီမံခန့်ခွဲခဲ့ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (NDMC) သည် ၂၀၂၃ ခုနှစ် မေလ ၆ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ဖွဲ့နှင့် တပ်မတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့များပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ရန် ကဏ္ဍအလိုက် တာဝန်ပေးအပ်ခဲ့ပါသည်။၂၀၂၃ ခုနှစ် မေလ ၈ ရက်မှစ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဗဟိုဌာန(DMC)ကို ဖွင့်လှစ်၍ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာအစိုးရသည် ဘေးဒဏ်သင့်ဒေသများကို မူလအခြေအနေထက်ပိုမိုကောင်းမွန်စေရန် ဆိုသည့်မူဖြင့် မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ရန် ဘဏ္ဍာငွေခွဲဝေချထားရေး၊ ပြန်လည်ထူထောင်ရေး စသည့်လုပ်ငန်းများကို မမှိတ်မသုန်ဆောင်ရွက်လျက်ရှိမှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသများအား မူလထက်ပိုမိုကောင်းမွန်သည့် ပြန်လည်တည်ဆောက်ပြီးမှုအခြေအနေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပြီဖြစ်ပါသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အဆောက်အအုံပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ၉၀ ရာခိုင်နှုန်း၊ ပညာရေးကဏ္ဍတွင် အခြေခံပညာအဆင့်ကျောင်းများ ၉၅ ရာခိုင်နှုန်းနှင့် အဆင့်မြင့်ပညာအဆင့် ကျောင်းများ ၉၅ ရာခိုင်နှုန်းတို့ အသီးသီး တည်ဆောက်ပြီးစီး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှု အခြေအနေမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့တွင် ၁၀၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးနိုင်သကဲ့သို့ မိုဘိုင်းဆက်သွယ်ရေးရရှိမှု အခြေအနေ ၉၉ ဒသမ ၉၂ ရာခိုင်နှုန်းပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အာဆီယံမှတုံ့ပြန်ဆောင်ရွက်မှု
မြန်မာနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်းမိုခါမဝင်ရောက်မီ နှစ်ရက်အလိုမှစတင်၍ အာဆီယံမှ တစ်ခုတည်းသော အာဆီယံတစ်ခုတည်းသောတုံ့ပြန်မှု မူဝါဒနှင့်အညီ ပြင်ဆင်ဆောင်ရွက်မှုများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာန (အာဟစင်တာ)တို့အကြား အစည်းအဝေးတစ်ရပ်ကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်တွင် စီစဉ်ခဲ့ပါသည်။
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးသည် အာဆီယံ၏ဦးစားပေးအစီအစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် သဘာဝဘေးဒဏ်ကို စုပေါင်းအင်အားဖြင့် တွန်းလှန်ရန်အတွက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်(AADMER)ကို အတည်ပြုခဲ့ပါသည်။
မြန်မာအစိုးရအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းအား ကူညီသည့်မည်သည့် အဖွဲ့အစည်း၊ မည်သည့်လုပ်ငန်းကိုမဆို ပူးပေါင်းလက်တွဲ လုပ်ဆောင်ရန် ကြိုဆိုလျက်ရှိပါသည်။ မြန်မာနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုဖြစ်ပေါ်လာသည့် အချိန်တွင်လည်း အာဆီယံပြည်သူများထံမှ အကူအညီများကို မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ တတ်နိုင်သမျှ အစောဆုံးပေးအပ်နိုင်ရေးအတွက် အာဆီယံကိုယ်စား အာဟစင်တာက ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ အာဟစင်တာသည် မလေးရှားနိုင်ငံရှိ အာဆီယံအရေးပေါ်ထောက်ပံ့မှုစနစ်(DELSA) မှ ကယ်ဆယ်ရေးပစ္စည်းများအား မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းတို့မှတစ်ဆင့် အမြန်ဆုံး ပို့ဆောင်ပေးနိုင်ခဲ့သည်။
လက်ရှိအချိန်အထိ အာဆီယံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများအား (၁၀)ကြိမ်ခွဲ၍ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများတွင် အစားအစာမဟုတ်သည့် ယာယီနေထိုင်ရေးနှင့်ဆိုင်သည့် ဆက်စပ်ပစ္စည်းများ၊ ရေသန့်စက်များ၊ မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများပါဝင်ပြီး ၎င်းတို့ကို မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
ထို့ပြင် အာဟစင်တာသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအား လိုအပ်သည်များ ကူညီဆက်သွယ်ဆောင်ရွက်ရန်အတွက် ဝန်ထမ်းလေးဦးပါဝင်သော In-Country Liaison Team ကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ပါသည်။
ထို့အတူ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် အွန်လိုင်းဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပါသည်။
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN EART)ကို ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့သို့စေလွှတ်ပြီး ကနဦးလိုအပ်ချက်ဆန်း စစ်လေ့လာမှုများအား ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပါသည်။
ဘေးဒဏ်သင့်ဒေသများအား ထိရောက်သည့် တုံ့ပြန်မှုများဆောင်ရွက်ရန် အာဆီယံအတွင်းရေးမှူးချုပ်ကို အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်ရေး ညှိနှိုင်းရေးမှူးတာဝန်အား မြန်မာနိုင်ငံက အတည်ပြုခဲ့ပြီး အတွင်းရေးမှူးချုပ်အနေဖြင့် ရန်ပုံငွေရှာဖွေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်တိုက်ခတ်ခဲ့ပြီးနောက်ပိုင်း မိုခါသည် ဒုတိယအကြိမ်အားပြင်းသော မုန်တိုင်းအဖြစ် မြန်မာနိုင်ငံသို့ တိုက်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့စဉ်က အာဆီယံအနေဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးတို့ကို ထိရောက်စွာ လုပ်ဆောင်ခဲ့ပါသည်။ အာဆီယံအနေဖြင့် နာဂစ်မုန်တိုင်းက ရရှိခဲ့သည့်သင်ခန်းစာများကို နမူနာယူ၍ အာဆီယံဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတစ်ခုဖြစ်သည့် အာဟစင်တာကို ၂၀၁၁ ခုနှစ် မေလတွင်ထူထောင်ခဲ့ပါသည်။ အာဟစင်တာသည် လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် အာဆီယံ၏(၅၆)နှစ်ခရီးအတွင်း အမှတ်ထင်ထင်ရှိသည့် အောင်မြင်မှုတစ်ရပ်၊ ထူးခြားသည့် မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါသည်။
အာဆီယံဒေသသည် သဘာဝဘေးဒဏ်ခံစားရမှု အများဆုံးဒေသတစ်ခု ဖြစ်သော်လည်း ထိုသို့ ခံစားရမှုများကပင် အာဆီယံ၏ ပေါင်းစည်းသည့်အင်အား၊ ဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုတို့ကို ပိုမိုကြံ့ခိုင် လာစေပြီး တစ်ခုတည်းသောအာဆီယံ တစ်ခုတည်းသောတုံ့ပြန်မှု စိတ်ဓာတ်ဖြင့် အာဆီယံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပိုမိုကာကွယ်လာနိုင်စေခဲ့ပါသည်။
အာဆီယံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ အခက်အခဲများ၊ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင် ဖြေရှင်းရန် ရပ်တည်ပြီး ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် အာဟစင်တာမှတစ်ဆင့် ကူညီမှုများဆောင်ရွက် ပေးခဲ့သည့်အတွက် မြန်မာပြည်သူတစ်ဦး အနေဖြင့် များစွာကျေးဇူးတင် ဝမ်းသာ မိပါကြောင်းကို ယနေ့ကျရောက်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် ဤဆောင်းပါးဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ။
ဝေဝေလင်း