တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန် စွာအောင်မြင်ခဲ့သည့် မြိတ်ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် မြိတ်ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီးချင်းဖြင့် သီဆိုဖျော်ဖြေ၍ စတင်ဖွင့်လှစ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် မြိတ်ခရိုင်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၆ ဘာသာဂုဏ်ထူးရရှိသူ ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရရှိ သူ ၁၀ ဦး၊ ၄ ဘာသာဂုဏ်ထူးရရှိသူ ၁၄ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရရှိသူ ၂၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ ၇၅ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရရှိသူ ၄၆၅ ဦးတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု တံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။