တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတော ကမ်းလမ်းပေါ်ရှိ ဘုတ်ပြင်း-အုန်းတောကမ်း တံတားဖွင့်ပွဲကျင်းပ
ဘုတ်ပြင်း၊ မတ် ၂၅
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတောကမ်းလမ်းပေါ်ရှိ အရှည်ပေ ၁၂၀၀ ၊ ဘုတ်ပြင်း-အုန်းတောကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်း အဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် များတက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေများတိုးတက်အောင် ဆောင်ရွက်လျက် ရှိပြီး အခြေခံအဆောက်အဦဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေး၊ လမ်း/တံတား၊ အိမ်ရာများကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ ကူးလူးဆက်သွယ်သွား လာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှု ရရှိစေမည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွင်း အကျိုးဖြစ်ထွန်း မှု ရရှိစေရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ ကောင်း မွန်စေရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ရန် ပထဝီနှင့် သဘာဝအတားအဆီး နေရာ များတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများ ရာသီမရွေးသွားလာနိုင်ရန် ဖောက်လုပ်ပေးခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အ ပြင် မြို့ပြဒေသများသာမက ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ဖွင့်လှစ်သည့် ဘုတ်ပြင်း-အုန်းတောကမ်းတံတားတည်ဆောက်ပြီးစီးပြီဖြစ် ၍ ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းလာသကဲ့သို့ တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေ လိုကြောင်း၊ တံတားကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်ရန် ပံ့ပိုးကူညီပေးကြသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကြိုးပမ်းဆောင်ရွက်ပေးကြသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာယ၊ ဉာဏဝန်ထမ်းများကို နိုင်ငံတော်အစိုးရက ကျေးဇူးအထူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တံတားတည်ဆောက်ပေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် ဒေသခံ ပြည်သူတစ်ဦးက ဘုတ်ပြင်း-အုန်းတောကမ်းတံတားဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘုတ်ပြင်း-အုန်းတောကမ်းတံတားအား ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာ တိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှု၍ တက်ရောက်လာကြသော ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ် ဆက်သည်။
ဘုတ်ပြင်း-အုန်းတောကမ်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-အုန်းတောကမ်း လမ်းပေါ်တွင် တည်ရှိပြီး တံတား အရှည်ပေ ၁၂၀၀၊ သံကူကွန်ကရစ်တံတားအမျိုးစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး Super Structure အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည် ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့သည် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သို့သွားရောက်၍ ကိုကိုးစိုက် ပျိုးထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ဒေသဆိုင် အချက်အလက်များ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အောင်ဇဗ္ဗူ ကိုကိုးစိုက်ပျိုးထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ကိုကိုးမှ ထုတ်လုပ် ရရှိသော စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကိုကိုးပင်များ စိုက်ပျိုးထားရှိမှု အခြေ အနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။