တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လက်လုပ်မိုင်း ထိမှန်ဒဏ်ရာရရှိထားသူများ အား ဆေးရုံသို့ပို့ဆောင်စဉ် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား ၁ ဦးသေဆုံး

 
နေပြည်တော်၊ မေ ၁၄

 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လက်လုပ်မိုင်း ထိမှန်ဒဏ်ရာရရှိထားသူများအား ဆေးရုံသို့ပို့ဆောင်စဉ် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင် ရပ်ကွက်၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်ရှိ အိမ်အမှတ်(မ/၁၀၇၆)တံခါးဝ၌ လက်လုပ် မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအင်စိုး(၆၀)နှစ်(ဘ)ဦးဘဝင်း၊ ၎င်း၏ သားဖြစ်သူ ပြည့်စုံဖြိုး (၁၃)နှစ်နှင့် တစ်အိမ်ကျော်တွင် နေထိုင်သူ ဦးဖေသန်း(၅၇)နှစ် (ဘ) ဦးတင်ကျင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးရုံသို့ပို့ဆောင်ရန် အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆောင် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရန် ထွက်ခွာလာစဉ် ဒေါင်းငူတံတားလမ်းနှင့် ကမ်းနားလမ်းဆုံ အရောက်၌ အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသည့် ဆူပူအကြမ်းဖက်သူ အင်အား (၃၀)ဦးခန့်မှ လူနာတင် ယာဉ်အား တားဆီးကာ တူမီးသေနတ်များဖြင့် ချိန်ရွယ်၍ ကားပေါ်မှ ဆင်းခိုင်းပြီး ဒလံ/သူလျှိုများဟု ပြောဆိုကာ ၎င်းတို့၏ ဖုန်းများအား သိမ်းဆည်း၍ ဦးဖေသန်းအား တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝဲရင်အုံဖောက်ဝင်ကာ နောက်ကျောဖောက်ထွက် ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။

 
ဖြစ်စဉ်တွင် လက်လုပ်မိုင်းဖောက်ခွဲကာ တူမီးသေနတ်ဖြင့် ပစ်ခတ်၍ လူအသက်သေဆုံးစေ သည်အထိ အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။