နေပြည်တော်၊ မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဆူပူအကြမ်းဖက်မှုအား လူစုခွဲရှင်းလင်းခဲ့ရာမှ ဆူပူ အကြမ်းဖက်သူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၈ ဦးအား အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၌ အိုးလုပ်ရပ်ကွက်နေ ကောင်းမြတ်ကျော် (ခ)ကောင်းမြတ် (၂၅)နှစ် (ဘ) ဦးစောကကျော် ဦးဆောင်၍ အင်အား ၁၀၀ ဦးခန့်သည် ဆူပူအကြမ်းဖက် ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲရန် ဥပဒေနှင့်အညီ ဖြေလျော့ခဲ့သော်လည်း အဆိုပါ အကြမ်းဖက်သူများက ဆက်လက်ဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်တွင် လူစုခွဲသွားခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ ကောင်းမြတ်ကျော် (ခ)ကောင်းမြတ် ပါ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦးတို့အား မီးပုလင်း ၅ လုံး၊ Hand Speaker ၃ ခု၊ ဘောလုံးဗျောက်အိုး ၁၄ လုံး၊ လေးခွ ၁ လက်၊ သံမူလီခေါင်း ၉ လုံး၊ သံဆူးခွျန်ဆိုဒ်စုံ ၅၄ ခု၊ ဖန်ဂေါ်လီ ၂၅ လုံး၊ အလံမျိုးစုံ ၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအနက် ကျောက်မော်ရပ်ကွက်နေ နိုင်လင်းဦး (၂၃)နှစ် (ဘ) ဦးစောဦး ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။