တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက် သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက် သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 
နေပြည်တော်၊ ဇွန် ၁၃

 
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက် ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား များက လက်နက်ငယ်များ ကိုင်ဆောင်ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ထားဝယ်တက္ကသိုလ်၊ မြန်မာစာဌာနမှ ကထိကဖြစ်သူ ဒေါက်တာ ဝင်းဗိုလ်(၄၃)နှစ် (ဘ)ဦးစံဝင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်မြတ်မြတ်မိုး (၄၅)နှစ်တို့အား သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါက်တာ ဝင်းဗိုလ်နှင့် ဒေါ်မြတ်မြတ်မိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခု ကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်း ရရှိသည်။