တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  UWSA(၀) အဖွဲ့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  UWSA(၀) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်၊ကျောက်ဆည်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA(၀) အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

 ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့သို့ရောက်ရှိစဉ် UWSA(၀) ဒေသအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ပြီး UWSA(၀) ဒေသအတွင်းလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ပေးခဲ့ကြောင်း၊ လူတို့၏ ဘ၀တွင် ကျန်းမာရေး ကောင်းမွန်ရေးသည် အဓိကအရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာလျင်  လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ဝမ်ဟုန်ဒေသသို့ ရောက်ရှိခဲ့ဖူးပြီး ကျန်း မာရေး အားနည်းသည်ကိုတွေ့ရှိရသဖြင့် တပ်မတော်ဆေးအဖွဲ့များစေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက် စေခဲ့ကြောင်း၊ မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် ပြည်ထောင်စု ဖွား မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် တပ်မတော်မှ တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော်ဆောင်မှုများတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘ၀ဖွံ့ဖြိုးရေး၊ ထာ၀ရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် UWSA(၀)အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များက ကျန်းမာရေးပိုင်း အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး တပ်မတော်မှဆေးအဖွဲ့ဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးမည်ဟု ကြားသိရသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

 ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA(၀)အဖွဲ့အတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ရာ ဦးညီကပ်နှင့် အဖွဲ့ဝင် များက လက်ခံရယူပြီး UWSA(၀) အဖွဲ့မှ ဒေသထွက်လက်ဆောင်များကို ပြန်လည် ပေးအပ်သည်။

 တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက UWSA(၀) အဖွဲ့မှ  ဦးညီကပ်နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။