တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာ စကား ပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၂၇

           တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက် တွေ့ဆုံအမှာစကား ပြောကြားသည်။

       အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် ဇနီး၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

    တွေ့ဆုံပွဲများ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့်လည်း နယ်မြေလုံခြုံရေး၊ နယ်မြေ အေးချမ်းသာယာရေး တို့ကို သတ်မှတ်နယ်မြေအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ် ကြောင်း၊ နယ်မြေလုံခြုံရေး၊ နယ်မြေထိန်းသိမ်းရေး တာဝန်များထမ်းဆောင်ရာတွင် အမြဲတမ်းတိုက်ပွဲဝင် အသင့်ရှိနေရမည်ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေး ဆောင်ရွက်မှုများကို အပြည့်အဝ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်ဝပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့် ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက် စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာအောင် နေထိုင် ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သား ပီသစွာနေထိုင် ကျင့်ကြံရ မည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ် လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ချိန်ကတည်းကပင် တူညီသည့် အခြေခံစစ်ပညာများကို ဦးစွာသင်ကြားပေးခဲ့ပြီး မိမိရောက်ရှိသည့် တပ်ဖွဲ့နှင့် စပ်လျဉ်းသည့် သင်တန်းများကိုပြန်လည်တက်ရောက်ကြရကြောင်း၊ ထို့ကြောင့် တပ်မတော်၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင်များ ကဲ့သို့ စစ်ရေးအသိ၊ စစ်ရေးသတိ၊ အတွေးအမြင်များ ရှိနေရမည်ဖြစ်ကြောင်း၊ မိမိတာဝန်နှင့် မိမိအလုပ်ကို ကျွမ်းကျင်အောင် မှန်မှန်ကန်ကန်နှင့် အမြဲတမ်း လေ့ကျင့်နေ ကြရမည်ဖြစ်ကြောင်း၊ ရန်သူ၊  သဘာဝဘေးနှင့် ကပ်ရောဂါတို့သည် မည်သည့်အချိန်တွင် ဝင်ရောက်လာနိုင်၊ ဖြစ်ပေါ်လာနိုင်သည်ကို မှန်းဆ၍ မရနိုင်သည့် အတွက် အမြဲတမ်း ပြင်ဆင်နေကြရမည်ဖြစ်ကြောင်း။

          လက်ရှိဖြစ်ပွားနေသည့် (COVID-19) ရောဂါအခြေအနေနှင့် ပတ်သက်၍ ယနေ့ နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲ အတည်ပြုလူနာဦးရေ ၄၆ဝဝဝ ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းကျော်၊ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန် လိုကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာနှင့်အဝန်းတွင် လူမှုစီးပွားများ ထိခိုက်လျက်ရှိကြောင်း၊ တပ်မတော်အတွင်း၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ၂ဝ၁၂ ခုနှစ်ကတည်းကပင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေးတွင် ဖူလုံမှုရှိပြီး ပိုလျှံသည်များကိုလည်း အခက်အခဲ ရှိသည့် ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

          ထို့ပြင် ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများ ပိတ်ထားရသော်လည်း မိမိတို့၏ ကလေးငယ်များအား ယခင်သင်ကြားခဲ့သည့် စာပေများကို ဖတ်မှတ်လေ့လာ နေစေရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာပေဖတ်မှတ်ကြရမည်ဖြစ်ပြီး သိရှိ လာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေကြရန်လိုကြောင်း၊ အမျိုးသားဖြစ် စေ၊ အမျိုးသမီးဖြစ်စေ လူတစ်ဦး၏ စာဖတ်အားသည် ဘဝတိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာ လုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော် လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက် ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

          မကြာမီတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး မိမိတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များသည် မိမိတို့၏ကိုယ်စား နိုင်ငံတော်၏ အကြီးအကဲဖြစ်သည့် သမ္မတကို ရွေးကောက်တင်မြှောက်ရန်၊ လွှတ်တော်အတွင်း၌ ဥပဒေပြုရေး တာဝန်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိရွေးချယ်သူသည် အထက်ပါတာဝန်များ ထမ်းဆောင် နိုင်ရမည်ဖြစ်ပြီး ဥပဒေအကြောင်း နားလည်သူ၊ သမာသမတ်ကျပြီး ကိုယ်ကျင့်တရား ကောင်းသူ၊ အတွေ့အကြုံပြည့်ဝပြီး ပညာတတ်သူ၊ ဒေသနှင့် နိုင်ငံအတွက် အကျိုးရှိ အောင်ဆောင်ရွက်နိုင်သူ စသည့်အချက်များနှင့် ပြည့်စုံသူများကို မိမိအသဲကြားက မဲတစ်ပြားဖြင့် စဉ်းစားချင့်ချိန် ဆန္ဒပြုနိုင်ပါက ပိုမိုသင့်လျော်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

  တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည် မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစား ပစ္စည်းများကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

      ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျီကုန်းတပ်နယ် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

    ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟုမ္မလင်းမြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာသို့သွားရောက်၍ အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၁ ထပ် ၇ လုံး ဆောက်လုပ် ထားရှိသည့် အခြေအနေများနှင့် ထပ်မံဆောက်လုပ်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

      ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင် များသည် ဟုမ္မလင်းမြို့ သာသနဇောတိကမြို့မကျောင်းသို့ သွားရောက်၍ မြို့မကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဣန္ဒဝံသ နှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည် ညိုကာ  တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၆ဝ အိတ်၊ ဆီ ၉ဝ ပိဿာ ၊ ဆား ၃ဝ ပိဿာ၊ ပဲ ၂ဝဝ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများ ကိုဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်၏ ကျန်းမာရေး အခြေအနေများနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားသည်။ယင်းနောက် ကျောင်းပရိဝုဏ် အတွင်း၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဓမ္မရာမ ၄ ထပ် ကျောင်းဆောင်တော်ကြီး တည်ဆောက်ပူဇော်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုကာ လိုအပ်သည်များကို အကြံပြုတင်ပြ လျှောက်ထားခဲ့ပြီး ဒေသခံ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။