တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်နှင့် နယ်မြေခံတပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များ၊ သင်တန်းသားများနှင့် မိသားစုဝင်များအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် စုစည်းကျစ်လစ်ပြီး စွမ်းရည်သုံးရပ် ပြည့်စုံရမည်ဖြစ်ကာ စည်းလုံးညီညွတ်မှု ရှိနေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ရပ်တည်၍မရသည့်အတွက် ပေါင်းစည်း နေထိုင်ကြရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုတွင်ပင် စည်းလုံးညီညွတ်မှုရှိမှသာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာလူမျိုးများသည် မိသားစုစိတ်ဓာတ် ရှိကြသူများဖြစ်သည့်အတွက် တပ်တွင်းစည်းလုံး ညီညွတ်ရေးသာမက တပ်မတော်သားများသည်လည်း ပြည်သူကြားမှ ပေါက်ဖွားလာသူများ ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုနှင့် စည်းလုံးညီညွတ်အောင် နေထိုင်ခြင်းဖြင့်လည်း ကာကွယ်ရေးစွမ်းပကား မြင့်မားအောင်တည်ဆောက်၍ ပြည်သူကအားထားရသော၊ နိုင်ငံတော်က အားကိုးရသော တပ်မတော်ဖြစ်အောင် တည်ဆောက်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ယနေ့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊  တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်နယ် မှူးများ၊ ကျိုင်းတုံ တပ်နယ်နှင့် နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်နှင့် နိုင်ငံ၏ နယ်နိမိတ်လုံခြုံရေးကို တာဝန်ယူထားကြရသည့် တပ်ရင်း၊ တပ်ဖွဲ့များဖြစ်သည့်အတွက် ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားမြှင့်တင်နိုင်အောင် အစဉ်တစိုက် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆိုသည်ကို နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းက လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့် တပ်မတော်တွင် လေ့ကျင့်သားပြည့်၀ရန် ပိုမိုလိုအပ်ကြောင်း၊ ထို့ကြောင့် စစ်သည်တိုင်း ကျန်းမာ၊ကြံ့ခိုင်၊ သန်စွမ်းနေရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်း ပြည့်၀စွာဖြင့် ထမ်းဆောင်နိုင်ရန်နှင့် တစ်ဆင့်မြင့်ရာထူးများ ထမ်းဆောင်ရာတွင် ထိုက်ထိုက်တန်တန် တာဝန်ပေးအပ်နိုင်ရေးအတွက်  သင်တန်းများကို အဆင့်ဆင့် လေ့ကျင့် သင်ကြားပေးနေခြင်းပင်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၌ ညီရင်းအကိုစိတ်ဓာတ်များဖြင့် အတူတကွ သင်ကြားလာခဲ့ပြီး သင်တန်းဆင်းချိန်မှသာလျင် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်ကြရခြင်းဖြစ်ကြောင်း။

အိမ်ထောင်စု တစ်စု၊ မိသားစု တစ်စုတွင်ပင် စီးပွားရေးကောင်းမွန်ပါက မိသားစု ဘ၀ သာယာအေးချမ်းနေမည်ဖြစ်ကြောင်း၊  ကမ္ဘာ့နိုင်ငံများတွင်လည်း ချမ်းသာကြွယ်၀ပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုရန် ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားမြင့်မားသော တပ်မတော်ဖြစ်အောင် တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် တပ်တွင်းစည်းလုံး ညီညွတ်မှုရှိအောင် တည်ဆောက်ခြင်းသည်လည်း စွမ်းရည်၊ စွမ်းအားရှိအောင် တည်ဆောက်နေခြင်းပင် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်၏ အဓိကလုပ်ငန်းကြီး သုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးကြရမည် ဖြစ်ပြီး ပြည်သူနှင့်တပ်မတော် တစ်သားတည်းမရှိပါက နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားကို များစွာထိခိုက်စေနိုင်သည်ကို နားလည် သဘောပေါက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် အရည်အချင်းပြည့်၀သည့် စစ်သည်များနှင့် အရည်အချင်းပြည့်၀ သောတပ်များ ဖြစ်စေရေး မှာကြားရာတွင် တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်ပေးမည်ဆိုသည့် မွန်မြတ်သည့် စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူ၏ တိုက်တွန်းချက်မှမပါဘဲ (Volunteer) ဝင်ရောက်အမှုထမ်းကြသူများ ဖြစ်သည်နှင့်အညီ တိုင်းပြည်၏ လိုအပ်ချက်များကိုလည်း တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ ကျန်းမာအောင် နေထိုင်ရမည်၊ ကြံ့ခိုင်အောင် လေ့ကျင့်ရမည် ဖြစ်ပြီး စစ်သားပုံပေါက်အောင် နေထိုင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင် နေကြရမည် ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် မှန်မှန်ကန်ကန်  ခိုင်ခိုင်မာမာ ရပ်တည်လျက် စုစည်းညီညွတ်သောအားဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ပထဝီမြေ အနေအထားများအရ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများအရ နိုင်ငံတော် ကာကွယ်ရေးအတွက် အစဉ်အမြဲ တာဝန်ထမ်းဆောင်နေရမည်ဖြစ်ကြောင်း၊  သဘာ၀ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါ ကလည်း အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း အရည်အချင်းပြည့်၀အောင် ကြိုးစားဆောင်ရွက်ကာ အရည်အချင်းရှိသော တပ်မတော်၊ ပြည်သူကအားကိုးရပြီး နိုင်ငံကအားထားရသော တပ်မတော်၊ မှတ်ကျောက် အတင်ခံနိုင်သော တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရာရှိငယ်ဘ၀ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ၊ နိုင်ငံတကာ အတွေ့အကြုံများ၊ စာတွေ့၊ လက်တွေ့ အတွေ့အကြုံများဖြင့် အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နယ်မြေခံတပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှမျိုးက လည်းကောင်း၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။