တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံတော်နှင့်တပ်မတော်အတွက် အရေးကြီးသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်တန်းသားများအနေဖြင့်  မှန်ကန်သော အယူအဆများ၊ တိကျပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးနှင့် တိုင်းပြည်၏ ပကတိအခြေအနေမှန်များကိုသိရှိပြီး မှန်ကန်သောအတွေးအခေါ်များရရှိစေရန်အတွက် သင်တန်းတွင် သင်ကြားပို့ချပေးနေမှုများကို အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစား တွက်ချက်၍ ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ  နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ အား Video Conferencing  ဖြင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် သင်တန်းသားများကို အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်နိုင်ရန်နှင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ အသိပညာများရရှိစေရန် ရည်ရွယ်သင်ကြားပေးလျက်ရှိကြောင်း၊ အချို့နိုင်ငံ များတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို အစိုးရဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများ၊ အရပ်သားများပါ တက်ရောက်သင်ကြားလျက်ရှိပြီး နိုင်ငံတော်၏ အကျိုးစီးပွားများကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးစသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတို့သည် နိုင်ငံတကာဆက်ဆံရေး နှင့်လည်း ဆက်စပ်လျက်ရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးသည်လည်း အရေးပါကြောင်း နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် မောင်းနှင်အား ၃ ခုဖြင့် ရပ်တည်ရခြင်းဖြစ်ပြီး တစ်ခုနှင့် တစ်ခုချိတ်ဆက်နေကြောင်း၊ နိုင်ငံရေးအရအားကောင်းပြီး စီးပွားရေးနှင့် ကာကွယ်ရေးပိုင်းတွင် အားနည်းနေ၍ မရကြောင်း၊ အချို့နိုင်ငံများတွင် ကာကွယ်ရေးအင်အားကောင်းပြီး နိုင်ငံရေးအင်အား မကောင်းသဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အားနည်းပြီး စီးပွားရေး မကောင်းသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံကို လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေး ရပြီးကာလဟူ၍ နှစ်ခုခွဲကြည့်ပါက ယခင်ကဘုရင်စနစ်ဖြင့် သွားခဲ့ပြီး လွတ်လပ်ရေးရပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ စပြီး ဗဟိုဦးစီးစနစ်ဖြင့်သွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ ကြောင်း၊ ထိုသို့ကျင့်သုံးခဲ့ရာတွင် အမြင်မတူကွဲပြားခြားနားမှုများရှိမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်နှင့်အရင်းရှင်စနစ်တို့ အားပြိုင်မှုများရှိခဲ့ပြီး ကိုလိုနီစနစ်တွင် ဖိနှိပ်ခံ လူတန်းစားများသည် ဆိုရှယ်လစ်အယူအဆများကို လက်ခံကျင့်သုံးလာခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး စနစ်များကြောင့် တိုင်းပြည်တွင် တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေး၊ ခွဲရေး၊ တွဲရေး ပြဿနာများ ဖြစ်ပေါ်ကာ နိုင်ငံရေး၊ အုပ်ချုပ်ရေးတို့တွင် ခေါင်းဆောင်များအပေါ် မူတည်၍ အမြင်မတူကွဲပြားခြင်းများဖြစ်ပေါ်ခဲ့သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်  လုပ်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင် နိုင်ရန်အတွက် သမိုင်းကြောင်း နောက်ခံအကြောင်းအရာများကို သိရှိရန်လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ခိုင်လုံသည့် အကြောင်းအရာများကို ရရှိမည်မဟုတ်သဖြင့် နောက်ခံသမိုင်းအကြောင်းအရာများကို သိရှိရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်းများအား အကျယ်တဝင့် ဦးစွာဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံရေးအမြင်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားရာတွင် “ပါတီစုံဒီမိုကရေစီစနစ်ဟာ ပြည်သူ့က ရွေးချယ်တဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်က ပြည်သူက ပေါက်ဖွားလာတယ် ဒါကြောင့် ပြည်သူ့က ရွေးချယ်တဲ့အတွက် တပ်မတော်ကလည်း ပြည်သူ့ရဲ့ဆန္ဒကို သွေဖယ်မှာတော့မဟုတ်ဘူး။  တပ်မတော်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲ ရေးကိုသာ လိုလားတယ်။ တို့တွေဟာ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့တယ်။ နိုင်ငံရေး အခက်အခဲတွေအများကြီးရှိလာခဲ့တယ်။ ပဋိပက္ခတွေမျိုးစုံရှိခဲ့တယ်။ ခုထိရှိနေဆဲပဲ ဖြစ်တယ်။ ဒါကြောင့် တို့တွေနဲ့ အခုကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်က ခိုင်ခိုင်မြဲမြဲဖြစ်နိုင်ဖို့အတွက်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံမျိုး၊ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံမျိုး၊ ရိုးသားတဲ့ ဒီမိုကရေစီနိုင်ငံမျိုးကို သွားဖို့အတွက် လိုအပ်တယ်။ ဒါလည်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ထုတ်ဖော်ပြောခဲ့တယ်။ စောစောကပြောခဲ့တဲ့ သမိုင်း နောက်ခံမှာ တို့တိုင်းပြည်ရဲ့ ပကတိရှိနေတဲ့အခြေအနေအရပ်ရပ်ကို ချိန်ထိုးပြီးတော့မှ ဒီမိုကရေစီစနစ် ကျင့်သုံးလို့ရှိရင် ဒီလိုမျိုးဖြစ်မှသာ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီစနစ် မျိုးသွားနိုင်လိမ့်မယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံ သည် လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျှက်ရှိပြီး စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ရန်လိုအပ်ကြောင်း၊ သမိုင်းကြောင်းအရ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံကို တည်ဆောက် ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံအများအပြား ရှိပြီး ပြည်ထောင်စုအနေဖြင့် ပေါင်းစည်းနေထိုင်ကြခြင်းပင်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ဥပဒေအသိ၊ ဥပဒေအမြင်များ ရှိနေစေရန် သင်ယူလေ့လာ ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး ဥပဒေကိုအလေးထားလိုက်နာရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ပြောကြားရာတွင် “ဥပဒေတစ်ခု ပြဋ္ဌာန်းပြီဆိုရင် ဒီဥပဒေကိုဘာကြောင့် ပြဋ္ဌာန်းလဲဆိုတာရှင်းရမယ်။ ပုဒ်မ တစ်ခုချင်းမှာလဲ သူရဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒီပုဒ်မ ဒီလိုအကြောင်းအရာ ဆိုထားတာ ဘာကိုရည်ရွယ်ပြီးရေးထားတာ ရှင်းလင်းချက်တွေရှိတယ်။ ဒီရှင်းလင်းချက် တွေက ဥပဒေထဲမှာလည်း မပါဘူး။သို့သော် နောက်ခံ ဆွေးနွေးတဲ့အထဲမှာ ပါလာတယ်။ အတည်ပြုထားတယ်။ ဒီအကြောင်းအရာတွေကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတယ်။ သူကတော့ အကျဉ်းပဲ။ ဥပဒေကတော့ အကျဉ်းပဲ။ ဒါပေမယ့်သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်တွေမှာ အကျယ်တွေရှိတယ်။ အဲ့တော့အဲဒီဥပဒေက အငြင်းပွားစရာဖြစ်လာပြီ ဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရတယ်။ ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုလို့မရဘူး။ သူရေးထားတာ ဘာကြောင့်ဒီလိုရေးထားတာလဲ။ တစ်ခါ အဲ့ဒီမှာ မြန်မာစာနဲ့ရေးတာရှိတယ်။ အင်္ဂလိပ်စာနဲ့ ဘာသာပြန်ပြီးတော့ ရေးထားတာ ရှိတယ်။ ဘယ်လိုစနစ်နဲ့ပဲရေးရေး မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ မြန်မာလိုရေးသားထားတဲ့ဟာကိုဘဲ အတည်ပြုထားတယ်။  ဒါကြောင့် အခုဆို ဥပဒေကို ဘာသာပြန်ပြီး ရေးထားတာတွေတွေ့ရတယ်။ ဒါလည်း မင်းတို့နားလည်ဖို့ပဲ။ ဒါကိုလည်း ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်စေတယ်။ တပ်မတော်က စောစောကပြောသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါကြောင့် ငါတို့တွေ လည်း ပြောရလို့ရှိရင်တော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။  ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ  တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်။

 ထို့နောက် စီးပွားရေးအမြင်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် “တိုင်းပြည်မှာ Resources  တွေမရှိဘူးဆိုရင် ဥပမာအားဖြင့် အခြေခံ တွေမရှိဘူး၊ ဥပမာတိုင်းပြည်မှာ တကယ်ကောင်းဖို့လိုအပ်လို့ရှိရင်  ဖွံ့ဖြိုးတိုးတက်ချင်ရင် အခြေခံ(၄)ချက်ပြည့်စုံဖို့လိုတယ်။  တစ်အချက်ကတော့ လျှပ်စစ်ဓာတ်မရှိရင် ဘာမှလုပ် လို့ မရဘူး။ နိုင်ငံဖွံ့ဖြိုးရေး ဘာမှလုပ်လို့မရဘူး၊ စီးပွားရေးကောင်းအောင်လုပ်လို့မရဘူး။ လုပ်ရင် အခက်အခဲရှိမယ်။ စရိတ်စကကြီးမားမယ်။ တွက်ချေမကိုက်ဘူး။ ဒုတိယ အချက်က Communication ဆက်သွယ်ရေးစနစ်တွေကောင်းဖို့လိုတယ်။ တတိယ ဘာလဲဆိုရင် Transportation ပို့ဆောင်ရေးစနစ်တွေကောင်းဖို့လိုတယ်။ လမ်းတွေကောင်းဖို့လိုတယ်။ နံပါတ်လေးအချက် HR  လူသားအရင်းအမြစ်တွေကောင်း ဖို့လိုတယ်။ ပညာရေး၊ ကျန်းမာရေး ကောင်းဖို့လိုတယ်။ ဒီ ၄ ချက်မပြည့်စုံရင် စီးပွားရေးလုပ်ငန်းကောင်းဖို့ဆိုတာ တော်တော် ရုန်းကန်ရမယ့် အခြေအနေရှိတယ်။ စောစောကပြောတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင် လိုက်တယ်။ လူသားအရင်းအမြစ် တွေမရှိဘူး ဘယ်လိုလုပ်မလဲ။ လျှပ်စစ်မရှိဘူး ဘယ်လိုလုပ်မလဲ။ ကုန်ထုတ်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေပို့ဆောင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး ဘယ်လို လုပ်မလဲ။ သတင်းအချက်အလက်တွေ Market ကို လက်ဦးနိုင်ဖို့အတွက် သတင်းအချက် အလက်တွေ မဆောင်ရွက်ပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံ့စီးပွား ရေးမှာ ဒီ ၄ ချက် မပြည့်စုံရင် မဖြစ်နိုင်ဘူး။ ခုနက လူသားအရင်းအမြစ်မှာလည်း အသိပညာ၊ အတတ်ပညာရှိတဲ့ လူသားအရင်းအမြစ်တွေအပြင် ကျန်းမာသန်စွမ်းတဲ့ လူသားအရင်း အမြစ်တွေလိုတယ်။ ဒါကြောင့် ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာတဲ့သူတွေ ၊ အတတ်ပညာ ရှိတဲ့သူတွေ HR  တွေကို မွေးထုတ်ပေးနိုင်မှသာ စီးပွားရေးကို အထောက်အကူရနိုင်မယ်။ စီးပွားရေးလုပ်တဲ့အခါ ဒီ ၄ ချက်ကို အမြဲထည့်သွင်း စဉ်းစားဖို့လိုတယ်။”

ဆက်လက်ပြောကြားရာတွင် စီးပွားရေးသည်နိုင်ငံ၏အဓိက မောင်းနှင်အား ဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖြင့်သွားနေခြင်းဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ်တွင် တိုင်းပြည်၏ နောက်ခံ အကြောင်းအရာ တွေကိုလည်း သိရှိရန်လိုအပ်ကာ ထိုသို့သိရှိမှသာလျှင် စီမံခန့်ခွဲမှု လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ကြသဖြင့် ၎င်းတို့ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်မှသာလျင် တိုင်းပြည်၏စီးပွားရေး ပိုမိုအရှိန်အဟုန်ရစေမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာလုပ်ငန်း များကို ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအဖြစ်လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ကိုလည်း သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပစ္စည်းချင်း တူပါက ဈေးနှုန်းသက်သာရမည်ဖြစ်ပြီး၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမို ကောင်းမွန်အောင် ထုတ်လုပ်နိုင်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျှင် လူနေမှုဘ၀မြင့်မားလာနိုင်မည်ဖြစ်သဖြင့် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာအားထုတ်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အုပ်ချုပ်ရေးအမြင်နှင့် ပတ်သက်၍ ပြောကြားရာတွင် “အုပ်ချုပ်ရေး အပိုင်း ပြောလို့ရှိရင်လည်း အသိပညာ၊ အတတ်ပညာနှင့် အုပ်ချုပ်နိုင်တဲ့ လူမျိုးလိုတယ်။ နောက် စည်းကမ်းနှင့် ဥပဒေလေးစားလိုက်နာဖို့လိုတယ်။ အုပ်ချုပ်ရေးမှာတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းက အဓိကပေါ့ ။ သို့သော် အုပ်ချုပ်ရေးကို ထိန်းတာကတော့ တရားဥပဒေစိုးမိုးရေးပဲ။ တရားဥပဒေစိုးမိုးရေး ဘယ်သူလုပ်လဲ။ တစ်ဖက်ကလည်းအုပ်ချုပ်ရေး အပိုင်းက ဥပဒေနဲ့ လုပ်တာရှိတယ်။ ရဲအဖွဲ့တွေရှိတယ်။ အုပ်ချုပ်ရေးကို ခိုင်မာဖို့လုပ်ရတာ တည်ငြိမ်မှုရှိရတာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့။ အဲ့တော့ ရဲတပ်ဖွဲ့ကလည်း စွမ်းရည်ရှိတဲ့ ရဲတပ်ဖွဲ့ ဖြစ်ဖို့လိုတယ်။ စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ ရဲတပ်ဖွဲ့မျိုးလိုတယ်။ ပြည်သူကို တိုက်ရိုက်ထိတွေ့တာ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းပဲ။ ကျန်တဲ့သူတွေက တိုက်ရိုက်အဖွဲ့အစည်းမဟုတ်ဘူး။ ဥပမာ-စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း သူ့ဆိုင်ရာ ဆိုင်ရာ ကဏ္ဍအလိုက်တော့ အဆက်အစပ်ရှိလိမ့်မယ်။ ဒါပေမယ့်  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ကျတော့ ပြည်သူနဲ့ တိုက်ရိုက် အကုန်ထိတွေ့နေတယ်။ လူတန်းစားမရွေး ထိတွေ့ဆက်ဆံနေရတယ်။ ဟိုက သူဖာသာသူ ဆိုင်တဲ့ကဏ္ဍကသွားတယ်။ လူတန်းစားမရွေး ဆက်ဆံနေရတာ အဖွဲ့အစည်း ၃ ရပ်ရှိတယ်။ တစ်ခုက အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒုတိယရဲအဖွဲ့အစည်း၊ တတိယက ကျန်းမာရေးအဖွဲ့အစည်း။ ကျန်းမာရေးမှာလည်း ဆင်းရဲချမ်းသာမရွေး၊ ယောက်ျား၊ မိန်းမ မရွေး၊ အသက်အရွယ် မရွေးထိတွေ့ဆက်ဆံနေရတယ်။ မင်းတို့ ဒါသိထားဖို့ပဲ။ ကျန်တဲ့ဟာတွေက သူ့သက်ဆိုင်ရာ ကဏ္ဍ အလိုက်သွားလိမ့်မယ်။ အဲ့တော့ ပြောရလို့ရှိရင် ရဲတပ်ဖွဲ့ရဲ့စွမ်းရည်မြင့်တင်ပေးဖို့လိုတယ်။ ပြည်သူ့ကြားမှာ ပြည်သူလက်ခံ တဲ့ ရဲဖြစ်အောင်လုပ်ဖို့လိုတယ်။”  ဆက်လက်ပြောကြားရာတွင် ပြည်သူများနှင့် အနီးကပ်ဆုံး ထိတွေ့ပြီး အသက်အိုးအိမ် စည်းစိမ်များကို ရဲတပ်ဖွဲ့က ကာကွယ်ပေးလျက်ရှိသည့်အတွက် အုပ်ချုပ်ရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ရှိကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် ရဲတပ်ဖွဲ့များ၊ စွမ်းရည်ရှိပြီး အရည်အချင်းပြည့်၀သည့် ရဲတပ်ဖွဲ့များ ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကာကွယ်ရေးအမြင်နှင့် ပတ်သက်၍ပြောကြားရာတွင် “တို့ကကာကွယ်ရေး အမြင်မှာကျတော့ စွမ်းရည်နှင့်စွမ်းအားရှိတဲ့ တပ်မတော် တစ်ရပ်အနေနဲ့ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်။ အဲ့တော့ စွမ်းရည်ရှိတဲ့တပ်မတော်၊ စွမ်းအားရှိတဲ့ တပ်မတော်တည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်တွေလုပ်ရမယ်။ အဲ့တော့ စွမ်းရည် ရှိတဲ့ တပ်မတော်ဆိုလို့ရှိရင် လေ့ကျင့်ရေးနဲ့ပတ်သက်တာများတယ်။ ပြီးတော့ တစ်ဦးချင်း ရဲ့အရည်အချင်းတွေ အရည်အချင်းဆိုတာလဲ ခုချက်ချင်းထလုပ်လို့မရဘူး။ တပ်မတော်က ကာကွယ်ရေးဆိုတဲ့ နေရာမှာလည်း အချိန်ကာလပေးပြီးတော့မှ အရည်အချင်းတည်ဆောက် ၊ အရည်အချင်းရှိတဲ့ တပ်မတော်ကို တည်ဆောက်ရတယ်။ ကာကွယ်ရေးကို တည်ဆောက် နိုင်တဲ့ စွမ်းပကားတွေအားလုံးကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဘယ်လိုရအောင် လုပ်မလဲဆိုတဲ့ Trend ကို မင်းတို့ရဖို့လိုတယ်။ တိုင်းပြည်ကာကွယ်ရေးမှာ ညာသံပေးနေ လို့မရဘူး၊ ဝေလေလေ အော်နေလို့မရဘူး။ ဟေးဟေးဟေး လုပ်လို့မရဘူး။ တစ်ကယ် လုပ်နိုင်တဲ့ လူရှိဖို့လိုတယ်။ အသံနဲ့ကာနေလို့မရဘူး။ ပြန်ပြောမယ်။ တိုင်းပြည် ကာကွယ်ရေးမှာ ညာသံပေးပြီးတော့ ကာကွယ်နေလို့မရဘူး။ အသံပေးပြီး လုပ်နေလို့တော့မရဘူး၊ လေနဲ့ လုပ်နေလို့တော့ မရဘူး။ လက်တွေ့လုပ်ရတဲ့ ကာကွယ်ရေးသွားရတယ်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်များနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်စဉ်းစားပြီးမှ လုပ်ကြပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးတက်အောင်လည်းလုပ်ပါ။ စည်းကမ်းရှိတဲ့လူ၊ စနစ်ရှိတဲ့လူ ဖြစ်အောင်လုပ်ပါ။ တိုင်းပြည်အကျိုးကို ဘယ်လိုလုပ်မလဲ။ မင်းတို့ဒီတာဝန်ထမ်းဆောင်မှ မဟုတ်ဘူး။ တိုင်းပြည် အကျိုးလုပ်တယ်ဆိုတာ။ ဘယ်နေရာက ဖြစ်ဖြစ်လုပ်လို့ရတယ်။ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးအခေါ်မျိုး ခေါင်းထဲမှာ အမြဲတမ်းထည့်။ ဒါဆိုလို့ရှိရင် မင်းတို့ကို ငါတို့ လေ့ကျင့်ပေးရကျိုးနပ်တယ်။” ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။