တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ဖွင့်လှစ်၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၇
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ ခိုင်မှုနှင့် အသိပညာ၊ အတတ်ပညာစသည့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းသည် တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်နိုင်ရေးနှင့် ပညာရေးကို အလေးထား တည်ဆောက်လျက်ရှိကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည့် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြ သည်။
ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင့်၊ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်၍ ‘သိပ္ပံခန်း၊ ကွန်ပျူတာခန်း၊ Language-Lab ၊ စာကြည့်တိုက်နှင့် စာသင်ခန်းများအား လှည့်လည် ကြည့်ရှုကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လိုက်လံရှင်းလင်းပြသ ကြသည်။
ထို့နောက် ကျောင်းခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အသိပညာ၊ အတတ်ပညာစသည့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများ အပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်နိုင်ရေးနှင့် ပညာရေးကို အလေးထား၍ တည်ဆောက်စီမံ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် လျှောက်လှမ်းလျက်ရှိပြီး ၂၀၂၃ ခုနှစ်ဆိုလျင် လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ရှိပြီ ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် အတိုင်းအတာတစ်ခုအထိတိုးတက်မှုများရှိသော်လည်း ယခုထက်ပို၍ တိုးတက်ရန် လိုနေသေးကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၈ ၊ ပုဒ်မခွဲ(ဃ)တွင် "ဘက်စုံအတွေးအခေါ်အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်" ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည့်စုံ ကောင်းမွန်သည့် ပြဋ္ဌာန်းချက်၊ ပညာရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းလမ်းညွှန်ချက် ပင်ဖြစ်ပါကြောင်း။
ဤသို့ဆိုရာတွင် ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဟူ၍ အပိုင်း ၃ ပိုင်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ၎င်းင်းမှာ မိမိတို့ စဉ်ဆက်မပြတ် တည်ဆောက်ရမည့် လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ဖူးသည့် နိုင်ငံဖြစ်ပြီး ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက် ပြီး မထိခိုက်၊ မဆုံးရှုံးအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အယူအဆ၊ အယူဝါဒ များ ကွဲပြားနေ၍ မရကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်အဖြစ်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ "ယနေ့လူငယ်၊ နောင်ဝယ်လူကြီး" ဆိုသည်နှင့်အညီ နိုင်ငံ၏ အနာဂတ်ကို ထုဆစ် ပုံဖော်မည့်သူများသည် ယနေ့ပညာသင်ကြားနေကြသည့် ကလေး သူငယ်၊ လူငယ်လူရွယ်များပင်ဖြစ်ပါကြောင်း၊ မိမိတို့သင်ကြားပေးနေသည့်၊ လေ့ကျင့်ပေးနေသည့် အသိပညာ၊ အတတ်ပညာများ အပေါ်တွင်မူတည်၍ မိမိတို့နိုင်ငံ၏ လာမည့် ၁၀ နှစ် ၁၅ နှစ်ကာလအတွင်း အနာဂတ် အခြေအနေကို အနီးစပ်ဆုံး ခန့်မှန်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ဆင့်ကမ်းသင်ကြားပေးနေမှုများနှင့် အခြေခံအချက်အလက်များ မှန်ကန်ရန်၊ မိမိတို့ယဉ်ကျေးမှုနှင့် ကိုက်ညီရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်နောက်ပြန်ဆွဲခြင်း မဟုတ်ကြောင်း၊ ခေတ်မီ၍ ရသော်လည်း ခေတ်လွန်သည့် အတွေးအခေါ်များကို အားပေး၍ရမည်မဟုတ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို မပျက်စီးအောင်ထိန်းသိမ်း နိုင်ရေးအတွက် အတွေးအခေါ်မှန်ကန်အောင် ထည့်သွင်း ဆုံးမကြရန်လိုကြောင်း၊ ထိုသို့ မှန်ကန်မှသာလျင် နိုင်ငံသူ၊ နိုင်ငံသားများ၏ အတွေးအခေါ် အယူအဆများသည် မှန်ကန်ပြီး အကျင့်စာရိတ္တ နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေး ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊
"အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက"ဟု ဆိုရိုးစကားရှိပြီး စောင့်ထိန်း ရမည့်စည်းကမ်း၊ ကျင့်ဝတ်၊ နီတိများတိုးတက်စေရေး ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားနိုင်ရေး၊ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ကျင့်ဝတ်နီတိသင်တန်းဖွင့်လှစ်သင်ကြား နိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘာသာရေးကိုရည်ညွှန်းခြင်း မဟုတ်ဘဲ ကျင့်ဝတ် နီတိများကို ပြောခြင်းသာဖြစ်ပါကြောင်း၊ နီတိကို သင်ယူရန်အရေးကြီးပြီး ယနေ့ ခေတ်တွင် လူမှုကျင့်ဝတ်များနှင့် မကိုက်ညီသည်များကိုတွေ့ရသဖြင့် အားမရပါကြောင်း၊ မိမိတို့နိုင်ငံတွင် မူလတန်းအဆင့်မပြီးမြောက်မီ ကျောင်းထွက်မှုနှုန်းမှာ များပြားနေသေးသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထိုသို့များပြားရခြင်းကြောင့် အတန်းပညာတတ်မြောက်မှုနှင့် စည်းကမ်းနှင့်ကျင့်ဝတ်နီတိများ လိုက်နာမှုတွင် အားနည်းချက်များရှိလာနိုင်သဖြင့် အနည်းဆုံး မူလတန်းအဆင့်ပြီးမြောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးအရင်းအမြစ်မှာ လူသားအရင်းအမြစ်ပင်ဖြစ်ပါကြောင်း၊ ပညာရေး နှင့်ပတ်သက်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် အခြေခံအချက်များအနေဖြင့် လူကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဉာဏ်ပညာအလင်းပွင့် ရေးအတွက် အထောက်အကူပြုမည့် ပတ်ဝန်းကျင်ရှိသည့် စာသင်ကျောင်းများ၊ အသိပညာနှင့် အတတ်ပညာများကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများနှင့် ခံယူလိုစိတ်အပြည့်ဖြင့် ဆည်းပူး သင်ယူလိုစိတ်ရှိသည့် ကျောင်းသူ ကျောင်းသားများ လိုအပ်မည်ဖြစ်ပါကြောင်း။
"ပညာသည် ရတနာ၊ ဆရာသည် အခရာ" ဆိုသည့် ပြောစကားအတိုင်း ဆရာ၊ ဆရာမများသည် သင်ကြားပို့ချပေးမှုနယ်ပယ်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နစ်မြုပ် ပို့ချနိုင်ရေးအရေးကြီးမည်ဖြစ်ပါကြောင်း၊ ကလေးများ၏ ပညာရေးကောင်းမွန်ရန်အတွက် ကျောင်းသား၊ ဆရာ၊ မိဘ များအပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းကောင်းရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ ကျောင်းပတ်ဝန်းကျင်ကောင်းမွန်ရေး၊ ကလေးသူငယ်များ အတုယူမှားစေနိုင် ပြီး လမ်းမှားရောက်စေနိုင်သည့် ပတ်ဝန်းကျင်များမရှိစေရေး အုပ်ချုပ်သူအဖွဲ့အစည်းများက စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တပ်မတော် ကျောင်းများတွင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးထားပြီး ကျောင်းတက်မှန်ရေးနှင့် ပညာသင်ကြားသည့် အရွယ်မှန်သမျှပညာသင်ကြားရေးနှင့် ပညာသင်ကြားရာတွင် စိတ်ပူပင်သောကမရှိစေရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် လိုအပ်ချက်များရှိနေသောကြောင့် ကျောင်းများ ၏ သန့်ရှင်းရေးအပိုင်းတွင် တပ်မတော်က တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် တပ်မတော်စက်ရုံထုတ် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ တပ်မတော် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ ပေးလျက်ရှိပါကြောင်း၊ ပြည့်စုံသည် မဟုတ်သော်လည်း ပညာရေးဝန်ထမ်းများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်း ကူူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
လေယာဉ်သံများကြောင့် ပညာသင်ကြားရေးအနှောင့်အယှက်ဖြစ်နေသဖြင့် ယခုကျောင်းအား နေရာရွှေ့ပြီး ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်တွင် ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးခဲ့ပါကြောင်း၊ (ယူ) ပုံစံ ကျောင်းဆောင်တစ်ဆောင်အပါအဝင် မုန့်ဈေးတန်း အဆောက်အဦ ၁ လုံး၊ အခန်း ၁၀ ခန်းပါ သန့်စင်ခန်း ၂ လုံး၊ စက်ဘီးရပ်နားသည့် အဆောက်အဦ ၂ လုံးတို့ကို ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ မြေသား ပြုပြင်ခြင်းလုပ်ငန်းတွင် ငွေကျပ်သိန်း ၃၅၀ ကျော်၊ အဆောက်အဦလုပ်ငန်းတွင် ငွေကျပ် သိန်း ၈၅၀၀ ကျော်၊ ဆက်စပ်လုပ်ငန်း များတွင် ငွေကျပ်သိန်း ၄၅၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သိန်း ၁၃၄၀၀ ကျော် အကုန်အကျခံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုပါက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)တွင် ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများသည် တပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ လူငယ် ၈၀၀ ဦးခန့်ကို ကောင်းစွာ ပညာသင်ကြား ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန် ကျောင်းကို KG + 12 စနစ်အရ အခန်းများဆက်လက်တိုးချဲ့မည်ဆိုပါကလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင် ရေးအတွက် မြေနေရာများတစ်ဆက်တည်း စီစဉ်ပေးထားပါကြောင်း။
တပ်မတော်အနေနှင့်လည်း ပညာရေးအပေါ်တွင် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်သို့ ဘဝပေါင်းစုံမှ ကျင်လည်ဝင်ရောက်လာခဲ့ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင်နေရသော်လည်း ပညာရေးပိုင်းတွင် ပစ်ပယ်မထားဘဲ မူလတန်းပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် တပ်မတော်သားအားလုံးကို အခြေခံပညာမူလတန်း အောင်မြင်အောင် သင်ကြား ပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တပ်မတော်သား ၄၅၁၈ ဦးကို ဆဋ္ဌမတန်းမှ ‘ဒသမတန်းအထိ သင်ကြားဆည်းပူးစေနိုင်ခဲ့ကြောင်း၊ တပ်မတော် အခြေခံပညာကျောင်း များအနေနှင့်လည်း တပ်မိသားစုဝင်ကလေးများနှင့် နီးစပ်ရာမြို့/ရွာ များက ကလေးငယ် ဦးရေ ၃ သောင်းခန့်ကိုသင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်အတွင်း ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး တပ်ရင်း၊ တပ်ဖွဲ့အလိုက် ပညာရေးတာဝန်ခံအရာရှိများ ခန့်အပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့အလိုက် စည်းရုံးရေးနယ်မြေ၊ လုံခြုံရေးနယ်မြေများတွင် ရှိနေသည့် အခြေခံပညာ ကျောင်းများမှ နှစ်စဉ်ကျောင်းဖွင့်ချိန်အမီ သန့်ရှင်းရေးပြုလုပ် ပေးခြင်း၊ လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းပေးခြင်းစသည့်အချက်များကို လုပ်ဆောင် ပေးလျက်ရှိကြောင်း။
ထို့ပြင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ ပညာရည်ချွန်တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်းများ၏ သား၊ သမီးများ၊ စစ်သည်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ထူး ၃ ဘာသာနှင့်အထက်ရရှိသည့် ကျောင်းသားကျောင်းသူ များကို ဂုဏ်ထူးတစ် ဘာသာလျင် ရွှေ ၁ မတ်သားနှုန်းဖြင့် ချီးမြှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စ၍ အလှူရှင်များမှ ချီးမြှင့်သည့် အလှူငွေများဖြင့်လည်း ငွေသားများပေးအပ်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ထိ ထူးချွန်သူ ကျောင်းသား၊ ကျောင်းသူ ၁၀၃၄၂ ဦးကို ရွှေချီးမြှင့်မှု စုစုပေါင်းကုန်ကျငွေ ငွေကျပ်သန်းပေါင်း ၄၇၀၀ ကျော်အပါအဝင် ရွှေနှင့် ငွေသားချီးမြှင့်မှုအနေဖြင့်စုစုပေါင်း ငွေကျပ်သန်းပေါင်း ၆၈၀၀ ကျော်ရှိပြီဖြစ်ပါကြောင်း၊ ထို့ပြင် ထူးချွန်သူများမှ နှစ်စဉ် ၃၀ ဦးကို ရွေးချယ်၍လည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများသို့ လေ့လာရေးခရီးများ စေလွှတ် ပေးလျက်ရှိပါကြောင်း။
ပညာဆိုသည် ဘောင်အကန့်အသတ်မရှိ ကျယ်ပြန့်နက်ရှိုင်းလှပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ကာယ၊ ဉာဏစွမ်းအားအပေါ်မှာမူတည်ပြီးထူးချွန်ထက်မြက်ကြသည့် အရင်းအမြစ်ကောင်းများပေါ်ပေါက်လာမည်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း စဉ်ဆက်မပြတ်ဆည်းပူး လေ့လာခံယူနေကြရန်လိုအပ်မည်ပင်ဖြစ်ပါကြောင်း၊ အသိပညာနှင့်အတတ်ပညာအတွက် အကောင်းဆုံးမိတ်ဆွေသည် ခေတ်အဆက်ဆက်က ရှိလာခဲ့သည့်စာကောင်းပေမွန်များပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဟန်းစာဆိုပညာရှိ ရှင်မဟာရဋ္ဌသာရက " မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန် သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း" ဟု ဆိုခဲ့ခြင်းပင် ဖြစ်ပါကြောင်း။
ပြောင်းလဲတိုးတက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည်များကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ်ဆည်းပူးသင်ယူနေရမည်ပင်ဖြစ်ကြောင်း၊ ယနေ့ပညာခေတ် ရေစီးထဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးထက် နောက်ကျကျန်ရစ်မနေဘဲ လိုက်ပါရင်ဘောင်တန်း စီးဆင်းနိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို ကြိုးစားရှာဖွေဆည်းပူးကြရန် လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ပညာရေးကဏ္ဍတိုးတက်ရေးထောက်ပံ့ချီးမြှင့်မှု အပေါ် အသိအမှတ်ပြုတုန့်ပြန်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက်ဆိုသည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့်အသိတရားရှိသည့် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် လိုကြောင်း၊ မိဘ၊ဆရာကျောင်းသားများအနေဖြင့် ကိုယ်စီကျင့်ဝတ်လိုက်နာကျင့်သုံး၍ ဆရာ၊ ဆရာမအားလုံး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခြင်း၊ ပို့ချခြင်းဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဆောင်ရွက်ပြီး တိုင်းကျိုးပြည်ကျိုး တိုးတက်သယ်ပိုးဆောင်ရွက်ကြ ရန်လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် မှော်ဘီတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းဆောင်သစ် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးပရိဘောဂများကို ပေးအပ်လှူဒါန်းရာ အခြေခံ ပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် ကလည်းကောင်း၊ စစ်ရေးချုပ် ‘ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းစိမ်းဝတ်စုံများကို ပေးအပ်လှူဒါန်းရာ အထက်တန်းပြ ဆရာမ ဒေါ်နီနီခင်ကလည်းကောင်း၊ စစ်ထောက်ချုပ် ‘ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင် ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲသည် မြေနေရာအသစ်တွင်ဖွင့်လှစ်ခြင်းဖြစ်သဖြင့် ထူးခြားသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဋ္ဌာနကိုယ်စား ကျေးဇူးတင် စကားပြောကြားရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုဆောက်လုပ်ပေးသည့် ကျောင်းဆောင်မှာ ယူပုံသဏ္ဍန် RC နှစ်ထပ်စာသင်ဆောင် ဖြစ်ပြီး စာသင်ခန်းပေါင်း ၃၀ ခန်း၊ ခန်းမတစ်ခုတို့ပါဝင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားမှုတွင် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ဆရာစားပွဲနှင့် ကုလားထိုင် ၂၆ စုံ၊ တစ်ယောက်ထိုင်စာရေးခုံ အလုံး ၁၀၀ တို့ကိုလည်း ဆောင်ရွက်ပေးထားသည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် သင်ကြားရေးလုပ်ငန်း နှင့် ကျောင်းရုံးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် Computer ၅ လုံး၊ Printer ၃ လုံး၊ မိတ္တူကူးစက် ၁ လုံးအပြင် သိပ္ပံခန်းသုံး သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ထားသည့်အတွက် သင်ကြားရေးလုပ်ငန်းများကို ထိရောက်စေမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် သန့်စင်သောသောက်သုံးရေ ရရှိ ရေးအတွက်လည်း ရေစင် ၂ ခုပါဝင်ပါကြောင်း၊ စက်ဘီးရပ်နားရန်နေရာ၊ မုန့်ဆိုင်တန်း များအပြင် စုပေါင်းတန်းစီကွင်းကိုပါ ဆောင်ရွက်ပေးထားပါကြောင်း၊ ယခုကဲ့သို့ စံချိန်မီ ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ်စီမံပေးသည့်အတွက် ကျောင်းတွင်တာဝန်ထမ်း ဆောင်ရသော ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားရသော ကျောင်းသား၊ ကျောင်း သူများအတွက်လည်း ကံကောင်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ စံချိန်မီ ကျောင်း ဆောင်၊ ပရိဘောဂနှင့် အသုံးအဆောင်များကို ပြည့်စုံအောင်စီမံဆောက်လုပ်ပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ကျောင်းကို ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာအနီး မှော်ဘီလေတပ်စခန်းအတွင်း၌ ၁၉၅၈ ခုနှစ်တွင် တပ်တွင်းမူလတန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၉ ခုနှစ်တွင် အခြေခံပညာအလယ် တန်းကျောင်းအဖြစ်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် တပ်တွင်းမှ တပ်အဝင်ဝနေရာ သို့ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုမြေနေရာ ပြောင်းလဲမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆူညံသံကင်းစွာဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခင်ကျောင်းဆောင် ဟောင်းကို စံပြုအထက်တန်းကျောင်းပုံစံဖြင့် ယခုနေရာတွင် အသစ်ပြန်လည်ဆောက် လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလ ၂၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာန ၏ သတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့် အညီ တစ်ခန်းလျင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးစီဖြင့် သင်ကြားပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။