တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ သိင်္ဂီရတနာသီလရှင်စာသင်တိုက်၊ တပ်ကုန်းမြို့နယ်ဘိုးဘွား ရိပ်သာ၊ မြို့ဦးကျောင်းတိုက်၊ ပဏ္ဍိတာရာမကျောင်းတိုက်၊ ညောင်လွန့်တောရ ကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြု (စံပြ)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်ရှိ ဇေယျာသီရိ ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာရှိ သောတိရာမသာသနာ့ ဟိတကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့ရှိ စန်းမေတ္တာသာမဏေကျော် စာသင်တိုက်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သာသနာ့ဇောတိကာရုံ ကျောင်းတိုက်၊ ငရုတ်ကောင်းမြို့ရှိ ဓမ္မိကာရုံမြို့မကျောင်းတိုက်၊ ဓမ္မဝိဟာရကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်ရှိ မဟာအဘယာ ရာမလှထွေကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးမှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။