တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ရွှေဟင်္သာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြရတနာသီရိ ဘုန်းတော် ကြီးကျောင်း၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း၊ မရမ်းကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ဆင်တဲတိုက်သစ်ဘုန်းတော်ကြီးကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။