တပ်မတော်ဆေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 
နေပြည်တော် ဒီဇင်ဘာ ၂၁

 
တပ်မတော်ဆေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေး အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ သည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင်နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်ကဘွဲ့နှင်းသဘင်ကျင်းပ ကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအားကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းကဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ ၃၆ ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ၇ ဦး စုစုပေါင်း ၄၃ ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းသည်။ ထို့နောက်ပါမောက္ခချုပ်က ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၇၁၀ ဦး၊ ဆေးလက်တွေ့နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၆၁ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၃၂၀ ဦးနှင့် ဆေးပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းအမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိရှစ်ဦး၊ အမှတ်စဉ် (၂၈)တွင် သင်တန်းသားအရာရှိ ၁၉၃ ဦး၊ အမှတ်စဉ်(၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ အမှတ်စဉ် (၃၀)တွင် သင်တန်းသားအရာရှိ ၁၁၆ ဦး စုစုပေါင်းဘွဲ့လွန်သင်တန်းသားအရာရှိ ၆၂၁ ဦး သင်တန်း တက်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည်ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) စသည့်တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက် များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။