တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိသော ဒေသခံပြည်သူများအား ယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ နှင့် ဒေသခံပြည်သူများအား ဩဂုတ် ၃၁ ရက် ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေ အနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ နှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။