တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ  ပြင်ပလူနာ နှစ်သိန်းလေးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  ဇွန်  ၁ဝ

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက်  အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များစုစည်း၍  ဒေသခံပြည်သူလူထုအား  ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏  အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၄ဝ၆ဝ၇ ဦးနှင့် အတွင်း လူနာပေါင်း ၇၁၄ဝ၄ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၁၁၈၃ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၅၇၈၅ ဦး၊ စုစုပေါင်း ၁၆၉၆၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊  ဆေးမှူးများဖြင့်  အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၇ဝ၂ ဦးကို  ခွဲစိတ်၍ လည်းကောင်း၊ ၈၂၇၃ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၃၉၇၅ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။