တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ  နှစ်သိန်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ မေ - ၁၃

    တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များ စုစည်း၍ ဒေသခံပြည်သူများ လူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၀၁၇၆၂ ဦးနှင့် အတွင်းလူနာပေါင်း ၆၁၉၉၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၉၃၈၅ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၇၉၄ ဦး၊ စုစုပေါင်း ၁၄၁၇၉ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၄၈၅၀ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၇၂၀၃ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၂၀၅၃ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား မေ ၁၂ ရက်တွင်  အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် အဖွဲ့ဝင်များက လည်းကောင်း သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။