တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ  တစ်သိန်းခုနှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ မေ - ၃

    တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ စုစည်းကာ ဒေသခံပြည်သူများလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော် ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၇၉၃၈၁ ဦး၊ အတွင်းလူနာ ၄၃၂၃ ဦးကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၈၄၀၉ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၄၂၉၄ ဦး၊ စုစုပေါင်း ၁၂၇၀၃ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၄၃၆၇ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၆၆၈၇ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၁၀၅၄  ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံပြည်သူများ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သွေးလိုအပ်မှု မရှိစေရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

  ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။