တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ  နှစ်သိန်းငါးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ ဇွန် - ၂၅
    
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၇၈၇၀ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၃၈၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
 
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၁၉၈၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၂၅၇ ဦး၊ စုစုပေါင်း ၁၈၂၄၆ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၆၀၆၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၆၈၆ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၄၇၅၀ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့တွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်း နှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။