နေပြည်တော်၊ ဇွန် - ၁၄
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၄၄၇၃၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၂၄၆၀ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၁၃၈၇ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၅၈၉၅ ဦး၊ စုစုပေါင်း ၁၇၂၈၂ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၇၉၇ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၃၉၄ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၄၁၉၁ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဇွန် ၁၃ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေသခံတိုင်း ရင်းသားပြည်သူ ၅၂ ဦးအား ဖျားနာရောဂါ၊ အရေးပြားရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှု များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မတူပီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည့်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။