နေပြည်တော်၊ ဇွန် - ၁၇
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၄၈၉၇၃ ဦးနှင့် အတွင်းလူနာပေါင်း ၇၃၃၀၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၁၅၉၅ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၀၂၂ ဦး၊ စုစုပေါင်း ၁၇၆၁၇ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၈၈၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၄၉၁ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၄၃၇၅ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။