နေပြည်တော်၊ ဇွန် - ၄
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၃၃၃၁၁ ဦးနှင့် အတွင်းလူနာပေါင်း ၆၉၇၃၅ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၀၈၉၃ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၅၅၉၇ ဦး၊ စုစုပေါင်း ၁၆၄၉၀ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၅၆၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၀၇၉ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၃၆၄၃ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ နယ်မြေခံတပ်မတော် ဆေးရုံများ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံ ပြည်သူများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။