တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းသုံးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ ဇွန် - ၇

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၃၆၂၂၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၀၄၉၃ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၀၉၉၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၅၆၆၇ ဦး၊ စုစုပေါင်း ၁၆၆၆၆ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၆၁၇ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၁၇၆ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၃၇၉၃ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က စေတီယင်္ဂဏ ဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ လည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့ နယ်၊ ဖနိုင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇွန် ၆ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဖနိုင်)၌ လည်းကောင်း ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုကို တိုင်းမှူးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။