တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ တစ်သိန်းကိုးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  မေ  ၁၂

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်    ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင်   ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၁၉၉၆ဝ၆ ဦး၊ အတွင်းလူနာပေါင်း ၆၁၄၇၁ ဦးကို ကုသပေးနိုင်ခဲ့သည်။

 ၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၉၂၇ဝ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၇၃၄ ဦး၊ စုစုပေါင်း ၁၄ဝဝ၄ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်  ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၄၇၈၂ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၇၁၅၂ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၁၉၃၄ ဦးကို  အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏  ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့်   ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော  ဒေသခံ တိုင်းရင်းသားပြည်သူများ၊ အရာရှိ၊ စစ်သည်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦးနှင့်   အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။