တပ်မတော်ဆေးရုံများ၌ သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၂၃
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။