တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်း သင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထင်ကရ နေရာများ သို့ သွားရောက်လေ့လာ
နေပြည်တော်၊ မေ - ၂၀
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်းသင်တန်းသားများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် သူရဲကောင်းဗိမာန်(နေပြည်တော်)တို့သို့ ဒေသန္တရဗဟုသုတ များ သွားရောက်လေ့လာခဲ့ကြသည်။
ဦးစွာလေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညို၍ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်(နေပြည်တော်)ရှိ ရတနာဆင်ဖြူတော်များအား ဆင်စာများကျွေးမွေးခဲ့ကြသည်။
ဆက်လက်ပြီး လေ့လာရေးအဖွဲ့က သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေပြီးသော တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြု အလေးပြုကြပြီး ဗိမာန်အတွင်းလှည့်လည်ကြည့်ရှု့လေ့လာကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါလေ့လာရေးအဖွဲ့များသည် ယမန်နေ့ကလည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။