တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၂၆
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း သည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်ကထုတ်ပြန်နေသည့် “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ထုတ်ပြန်ချက်” ကို ထုတ်ပြန်ခဲ့ရသည့်အကြောင်းအရင်း နောက်ခံအခြေအနေများ၊ မဲစာရင်းများစိစစ်ခဲ့သည့်ပုံစံများနှင့် ဥပဒေအချက်အလက်များကို တပ်မတော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်နေခဲ့သည့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်တာဝန်ကိုရယူခဲ့ရကြောင်း၊ နိုင်ငံတော်တာဝန်ကို ရယူပြီးပြီးချင်းပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တပ်မတော်အစိုးရက ကြေညာချက်အမှတ်၊ ၁/၈၈ ကိုထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါကြေညာချက်တွင် လက်ငင်းလုပ်ဆောင်မည့်လုပ်ငန်း ၄ ခု၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်း ၃ ခု ကြေညာခဲ့ကြောင်း၊ လက်ငင်းလုပ်ဆောင်မည့်လုပ်ငန်း ၄ ခုမှာ (၁) တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းရေး၊ (၂) လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ (၃) ပြည်သူများ စားဝတ် နေရေးချောင်လည်စေရေး၊ (၄) ယင်းလုပ်ငန်းသုံးရပ်ပြည့်စုံလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးတို့ပါဝင်ကြောင်း၊ အဓိကထားပြောလိုသည်မှာ တပ်မတော်အနေဖြင့် အဆိုပါ အချိန်ကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးတွင် အဘက်ဘက်၌ ယိုယွင်းနေသည့် အခြေအနေကိုအချိန်မီထိန်းသိမ်းနိုင်ရန် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရသော်လည်း ပြည်သူတို့ လိုလားတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စတင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိနိုင်မည်ပင်ဖြစ်ကြောင်း၊ အဆိုပါကြေညာချက်၌ပင် ရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်ထားရှိကြောင်း၊ နိုင်ငံရေးပါတီများ စတင်ပြင်ဆင် ဖွဲ့စည်းနိုင်ကြောင်း၊ ယင်းလုပ်ငန်း စဉ်များအောင်မြင်ရန် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်း ခဲ့ကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးနိုင်ရန်အတွက် အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်သည့် အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်ကစပြီး အမျိုးသား ညီလာခံခေါ်ယူကျင်းပခဲ့ကြောင်း၊ အဆိုပါညီလာခံတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာစသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်၀သည့် ပုဂ္ဂိုလ်များ ပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသား ကိုယ်စား လှယ်များပါဝင်ခဲ့ကြောင်း၊ အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောင့် အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သည့်နိုင်ငံတော်ရှေ့ဆက်သွား မည့်မူဝါဒ လမ်းစဉ်(၇)ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင်ဆက်လက်ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီလာခံအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း၊ ယင်းမှထွက်ပေါ်လာသည့် အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း။
တပ်မတော်အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် လုပ်ငန်း ရပ်များကို တစ်ပြိုင်တည်းပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင် တွင် အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ခရိုင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများကို တပ်မတော်အရာရှိများဖြင့် ခန့်ထားဆောင်ရွက် ခဲ့ရာမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်စေပြီး ဗျူရိုကရေစီယန္တရားစနစ်ကို တပ်မတော်အစိုးရလက်ထက်၌ပင် အဆင့်ဆင့်ပြုပြင်ပြောင်းလဲ ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်တွင် အရေးပါလာမည့် Institution များ တည်ဆောက်ခြင်းကို အချိန်ယူ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပင် ၂၀၁၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့ရွေးချယ်ခံ အစိုးရထံသို့ နိုင်ငံတော်တာဝန်ကို အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ပြည်သူ့ ဆန္ဒကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သကဲ့သို့ တိုင်းပြည် အတွက်နှစ်ပေါင်းများစွာအချိန်ယူ ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ပါတီစုံဒီမို ကရေစီစနစ်ကို ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်း နားလည်ရန်လိုအပ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း ပြည်သူ့ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှ မယိမ်းမယိုင်၊ ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ပါဝင်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေများပြင်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ (ဥပမာအနေဖြင့် ၂၀၁၁ နိုဝင်ဘာ ၄ ရက်၌ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ပြင်ဆင်သည့် ဥပဒေကိုပြင်ဆင်ပေးခဲ့ကြောင်း)၊ မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု၊ အစိုးရနှစ်ဆက်တိုင်ခဲ့ပြီဖြစ် ကြောင်း၊ အစိုးရနှစ်ဆက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးတည်ငြိမ်မှု၊ တိုးတက်မှုများကို နှိုင်းယှဉ်တွေ့မြင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို စနစ်တစ်ခုကဲ့သို့ ယူဆနိုင်သလို ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်းက လိုက်နာဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းတစ်ခု၊ ကျင့်ဝတ်တစ်ခုပင်ဖြစ်ကြောင်း၊ အားလုံးပါဝင်ဖော်ဆောင်မှသာ အောင်မြင် နိုင်မည့် နိုင်ငံရေးစနစ်တစ်ခုပင်ဖြစ်ကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင် ပထမဆုံးအခြေခံ လိုအပ်ချက်ဖြစ်သည့် ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်မှပင် သွေဖယ်သွားမည့်လုပ်ဆောင်မှုများ မလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှု မျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်းလိုက်နာ ဆောင်ရွက်ကြရမည်ပင်ဖြစ်ကြောင်း၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လိုရာဆွဲ ပုံဖော် နေခြင်းသည် ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပုံပျက်စေမည်ဖြစ်ကြောင်း။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား၌ပင် ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံအတွက် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နှစ် ဖြစ်သည့်အတွက် ပါတီ စုံဒီမိုကရေစီ စနစ်ခိုင်မာစေရန် အရေးကြီးသည်ဟု ပြောကြားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲ၌လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “နိုင်ငံတော်၏ လက်ရှိ ပကတိအနေအထားအရ ပြည်သူလူထုကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးအတွက် တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာပြုလုပ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်ပါက အနာဂတ် ဒီမိုကရေစီလျှောက်လှမ်းရာတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲကြီး တရားမျှတစွာပြီးမြောက်စေရန် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဝိုင်းဝန်း ကူညီပံ့ပိုးရန်” ဟူ၍ ပြောကြားခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း(၃)နှစ်ပြည့် အခမ်းအနားတွင် “တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုး စီးပွားအရေးထက် ပိုအရေးကြီးသည်မှာ မရှိကြောင်းနှင့် ရိုးသားသည့် နိုင်ငံရေး၊ တရား မျှတသည့်နိုင်ငံရေးကိုသာ လိုချင်ပါကြောင်း” ဟု ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင်လည်း ဒီမိုကရေစီ စနစ် တည်ထောင်ရာတွင် “ဥပဒေ၏အထက်တွင် မည်သူမျှမရှိ” ဆိုသည့် စကားရပ်သည် ဒီမိုကရေစီအုတ်မြစ်တည်တံ့ခိုင်မြဲစေရန် အခြေခံလိုက်နာ ရမည့်အချက် ဖြစ်သကဲ့သို့ နိုင်ငံတည်ဆောက်ရေး (State Building) ၊ တိုင်းပြည်တည်ဆောက်ရေး (National Building) ဆောင်ရွက်ရာတွင် “အမျိုးသားအကျိုးစီးပွား ၏အထက်တွင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှမရှိ” ဆိုသည်ကို ခံယူရမည်ဟု ပြောကြားခဲ့ကြောင်း။
ရွေးကောက်ပွဲမတိုင်မီအထိ ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သည့် ရွေးကောက် ပွဲတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြောကြားချက်များ၊ ကြေညာချက်များပြောကြားခြင်း၊ ထုတ်ပြန်ခြင်းတို့ကို ၁၂ ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်သတင်းစာရှင်းလင်းပွဲများနှင့် မီဒီယာများတွေ့ဆုံမေးမြန်းစဉ် ဖြေကြားချက် များတွင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်လို ကြောင်း မကြာခဏ ပြောကြားခဲ့ကြောင်း၊ ရွေးကောက်ပွဲများတွင် “လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်၊ မဖြစ်” ဆိုသည်ကို ရွေးကောက်ပွဲကျင်းပသည့်ရက် တစ်ရက်တည်းကြည့်ပြီး ပြော၍မရနိုင် သည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲပြီးကာလ အနည်းဆုံး ၃ ခုတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ၊ သံသယကင်းကင်း သန့်သန့်ရှင်းရှင်း ရှိ၊ မရှိ သုံးသပ်ရန်၊ ပြန်ကြည့်ရန်လိုကြောင်း၊ လိုအပ်လာပါက မဲဆွယ်စည်းရုံးမှုကာလ မတိုင်ခင်တွင် ကြိုတင်တည်ရှိနေသည့်အခြေအနေများ၊ နိုင်ငံရေးပါတီအားလုံးအတွက် Fair Play ဖြစ်၊ မဖြစ် သုံးသပ်ရန်လိုကြောင်း၊ တပ်မတော်အား UEC မှ တပ်မဲရုံများ တပ်ပြင်ထုတ်ပေးရန် ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်စေရေးကို ရှေ့ရှုပြီး တပ်မဲရုံအားလုံးတပ်ပြင်ထုတ်ပြီး တပ်အပြင်၌ပင် တပ်မတော်သားများ၊ မိသားစုဝင်များကို လွတ်လွတ်လပ်လပ်မဲပေးစေခဲ့ကြောင်း၊ မဲဆွယ်စည်းရုံးစဉ်ကာလ နိုင်ငံရေးပါတီများ၏ တစ်နိုင်ငံလုံးသို့ ရုပ်သံ နှင့်အသံလွှင့်ပြောကြားချက်များကို Censor ဖြတ်တောက်ခြင်းများ၊ အခက်အခဲကြုံရသည်များကို နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၏ တရားဝင်ပြောဆိုမှုများမှတစ်ဆင့် သိနိုင်ကြောင်း၊ COVID အကြောင်းပြပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်၊ လှုံ့ဆော်ခွင့် မျှမျှတတမရခဲ့သည်ကိုလည်း တွေ့နိုင်ပါကြောင်း၊ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးစဉ်ကာလတွင် တရားဝင်ကြိုတင်မဲပေးခွင့်ရှိသူများမဲပေးကြရာ၌ ကြိုတင်မဲထည့်သည့် စာအိတ်များအဆင့်မမှီမှု၊ မဲလက်မှတ်ထည့်သွင်းသည့် စာအိတ်များ မလုံခြုံမှု၊ ဘေးဘက်များတွင် ပေါက်နေသည်များ စသည့်ချို့ယွင်းချက်များကို သတင်းစာ ရှင်းလင်းပွဲတွင် သက်သေဗီဒီယိုဖိုင်များနှင့် ပြသခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်မှ ရွေးကောက်ပွဲ အကြိုကာလ၊ ကြိုတင်မဲများပေးနေစဉ် ကာလတွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် ပတ်သက်ပြီး “၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ထုတ်ပြန်ခဲ့ကြောင်း။
ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၁၆၈၄ ရက် (၄ နှစ် ၇ လ ၉ ရက်)ရရှိခဲ့ပြီး လုံလောက်သည့်အချိန်ဖြစ်ခဲ့ပုံ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ ထုတ်ပြန်ရမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေပုဒ်မ ၃၉၉ အရ ပြဋ္ဌာန်းထားမှု၊ လက်တွေ့၌ နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာ ရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် မီဒီယာများ၏ သတင်းဖော်ပြချက်များ အရ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းလုပ်ငန်း၌ပင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်မှု များ တွေ့မြင်နေရမှု၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအကြောင်းပြပြီး တည်ဆဲဥပဒေ များကို ကျော်လွန်သော သဘောရှိသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့မှု၊ ထို့ကြောင့် ရွေးကောက်ပွဲ ပုံရိပ်ထိခိုက်နိုင်မှု၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့သည် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲ ဖြစ်လာစေရေး ဆောင်ရွက်သင့်ကြောင်းတို့ကို သဘောထားထုတ်ပြန်ခဲ့ ကြောင်း၊ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ကြိုတင်မဲပေးရာ၌ စည်းကမ်းမဲ့ဆောင်ရွက်နေမှုများ၊ အငြင်းပွားဖွယ် ဆောင်ရွက်နေမှုများကို နေ့စဉ်ကြုံတွေ့ခဲ့ရကြောင်း။
တပ်မတော်သည် ပြည်သူ၏အစိတ်အပိုင်း၊ နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် ပြည်သူအတွက် ရပ်တည်ခဲ့ကြောင်း၊ ပြည်သူများ လိုလားတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ် မယိမ်းမယိုင်စေရန် ဆောင်ရွက်လျက် ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ စစ်ဦးစီးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများကို Video Conferencing စနစ်နှင့် အမှာစကားပြောကြားရာတွင် ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး “ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်နေရခြင်းဖြစ် ကြောင်း၊ ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများတွင် မသင့်လျှော်ကြောင်း၊ ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက်ပြရခြင်းမှာ မိမိတို့နိုင်ငံ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း” ဖြင့် ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံအတွင်းရှိ မြို့နယ် ၃၁၄ မြို့နယ်အား စာရင်းဇယားအရ စနစ်တကျစိစစ်ပြီး ထပ်နေသည့်မဲစာရင်းများ၊ မသမာမှုပြုနိုင်သည့် မဲစာရင်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ကြောင်း၊ မြို့နယ်တစ်ခုချင်းအတွင်း မဲမသမာမှု ဖြစ်နိုင်သည့်စာရင်းများ ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့်စာရင်း စုစုပေါင်း ၇၆၂၃၇၂၅ ဦးရှိသည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်း အတွင်းရှိသည့် မြို့နယ်တစ်ခုနှင့် တစ်ခုအကြား ထပ်နေသည့်မဲစာရင်းများကိုလည်း ၂၅ ရက်နေ့တွင် အပြီးသတ် ထုတ်ပြန်ပေးခဲ့ပြီး စုစုပေါင်း ၁၀၇၀၁၀၀ ဦးဖြစ်ကာ မဲသမာမှု ပြုနိုင်သည့်စာရင်း ၈ သန်း ကျော်ဖြစ်ပါကြောင်း။
ထို့နောက် မဲစာရင်းများစိစစ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ဆောင်ပုံလုပ်ငန်း အဆင့် ဆင့်နှင့် ပတ်သက်၍ ပါဝါပွိုင့်၊ အထောက်အထားစာရွက်စာတန်းများ၊ အထောက်အကူ ပစ္စည်းများဖြင့် အသေးစိတ်ရှင်းလင်းပြောကြားရာတွင် မဲစာရင်း-ပုံစံ(၁)ကို စစ်ဆေး ပြင်ဆင်နိုင်ရေးအတွက် မဲရုံများအလိုက် မဲစာရင်း PDF ဖိုင်များကို စုဆောင်းရပါကြောင်း၊ စုဆောင်းရရှိသည့် PDF ဖိုင်များကို Excel ဖိုင်အဖြစ်ပြောင်းလဲကာ Program/Software အသုံးပြု၍ စစ်ဆေးနိုင်ရေး အဆင့် ၆ ဆင့်ဖြင့်ပြင်ဆင်ခဲ့ရပါကြောင်း၊ ပထမအဆင့်အနေ ဖြင့် နိုင်ငံသားစိစစ်ရေးကတ် တူညီမှုရှိ/မရှိ မဲရုံအားလုံးတွင်ရှာဖွေနိုင်ရေးအတွက် Excel ဖိုင်များကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းရပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ပေါင်းစပ်ထားသည့် Excel ဖိုင်များအတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်ထပ်နေသူများကို ခွဲထုတ်ရပါကြောင်း၊ တတိယအဆင့် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တူညီနေသည့်သူများကို အကြိမ်အရေအတွက် အလိုက် ထပ်မံခွဲခြားခြင်းကို လုပ်ဆောင်ရပါကြောင်း၊ ဥပမာအားဖြင့် (၂) ကြိမ်တူနေသူ၊ (၃)ကြိမ် တူနေသူများကိုခွဲခြားခြင်းဖြစ်ပါကြောင်း၊ စတုတ္ထအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ် (၃)ကြိမ်နှင့်အထက်တူနေသူများကို သီးခြားခွဲထုတ်ရပါကြောင်း၊ ပဉ္စမအဆင့် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်များတူညီပြီး ကျန်အချက်များကွဲလွဲနေသူများကို ထပ်မံရှာဖွေစစ်ဆေးခွဲထုတ်ရပါကြောင်း၊ ဆဌမအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်(၂)ကြိမ်ထပ်သူများကို ဆက်လက်ရှာဖွေရပါကြောင်းဖြင့် ပြောကြားပြီး နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ(အားလုံးတူသူများ)၊ နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ ဖခင်တူ(မိခင်အမည်လွဲသူများ)၊ နိုင်ကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိခင်တူ (ဖခင်အမည်လွဲ သူများ)၊ နိုင်ကတ်တူ၊ အသက်တူ၊ မိဘတူ(အမည်လွဲသူများ)၊ နိုင်ကတ်တူ၊ မိဘတူ၊ အမည်တူ (အသက်လွဲသူများ)၊ နိုင်ကတ်တူ၊ အမည်တူ၊ ဖခင်တူ (မိခင်အမည်လွဲ၊ အသက်လွဲသူများ)၊ နိုင်ကတ်တူ၊ အမည်တူ၊ မိခင်တူ(ဖခင်အမည်လွဲ၊ အသက်လွဲသူများ)၊ နိုင်ကတ်တူ၊ မိဘတူ (အမည်လွဲ၊ အသက်လွဲသူများ)၊ နိုင်ကတ်တူ၊ အမည်တူ(အသက်လွဲ၊ မိဘလွဲသူများ)၊ နိုင်ကတ်တူ၊ ဖခင်တူ(အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ)၊ နိုင်ကတ်တူ၊ မိခင်တူ(အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည် လွဲသူများ)၊ နိုင်ကတ်တူပြီး(ကျန်အချက်အားလုံးလွဲနေသူများ)၊ နိုင်ကတ်အမှတ်တစ်ခု တည်းဖြင့် မဲစာရင်း(၃)ကြိမ်ပါဝင်နေသူများ၊ နိုင်ကတ်အမှတ် တစ်ခုတည်းနှင့် မဲစာရင်း (၄)ကြိမ်ပါဝင်နေသူများ၊ နိုင်ကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူများ၊ ပျဉ်းမနားမြို့နယ်၊ မဲစာရင်းပုံစံ(၁)တွင် (၁)ကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းများ၊ အဆင့်(၆)ဆင့်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး မဲစာရင်းထပ်နေသူများ၏ တိုင်းနှင့် ပြည်နယ်စာရင်းပေါင်းချုပ်တို့ကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် ယခုရှင်းလင်းခဲ့သည့် မြို့နယ်တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စာရင်းများ၊ ထပ်နေသည့်စာရင်းများကို စာအုပ်များဖြင့် အသေးစိတ်ပြုစုထား ပါကြောင်း၊ စာအုပ်ပေါင်း ၁၃၄၁ အုပ်ရှိပြီး သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက် များအနေဖြင့် အသေးစိတ်လေ့လာနိုင်ပါကြောင်းနှင့် မေးမြန်းလိုသည်များကို မေးမြန်းနိုင်ပါကြောင်း၊ ထို့ပြင် မိမိတို့ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးထားသည်များကိုလည်း သတင်းထောက် များကိုယ်တိုင် မိမိတို့မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များရိုက်ထည့်ပြီး လက်တွေ့ စမ်းသပ်စစ်ဆေးကြည့်ရှုနိုင်ပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(င)အရ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိမှု”၊ ပုဒ်မခွဲ(စ)အရ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိမှု” တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးကိုသာ တပ်မတော်၏ဒီမိုကရေစီ လိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် အခြေခံဥပဒေကို မလိုက်နာသည့်အဖွဲ့အစည်းများ၊ အခြေခံဥပဒေကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်လိုသည့်၊ ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ကာကွယ်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ ပြည်သူလူထု၏ အစိတ်အပိုင်းဖြစ်သည့်အတွက် နိုင်ငံတော်နှင့် အခြေခံဥပဒေအပေါ်တွင် သစ္စာစောင့်သိရိုသေစွာ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါ ကြောင်း၊ တပ်မတော်မှသာ အခြေခံဥပဒေကို လိုက်နာဖို့တာဝန်ရှိသည်မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်၊ ဇယား ၄ “ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာဆိုချက်” ပုံစံတွင် ပြဌာန်းထားသည်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံထားရသူများ သည်လည်း လွှတ်တော် ကိုယ်စားလှယ်များအဖြစ်ရွေးချယ်ခံထားရပြီးဖြစ်သဖြင့် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာမည် ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကိုထာ၀စဉ်ပန်ဆင်ဆောင်ရွက် မည်ဖြစ်ပြီး တာဝန်ဝတ္တရား များကိုဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ကတိသစ္စာဆိုထားကြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိ၊ တာဝန်ယူ၊ တာဝန်ခံ ရသည့် အဖွဲ့အစည်းများ အနေနှင့် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာ သည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသရမည်ဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြားသည်။
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန ၄၀ ကျော်မှ သတင်းထောက်များ လာရောက်တွေ့ဆုံသတင်းရယူခဲ့ကြကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံအား ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။