တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မီဒီယာများအား တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား Covid-19 ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း နေရာယူကာ စနစ်တကျ မေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင်  Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တပ်မတော် ဆေးရုံကြီးများ၌ အရပ်သားပြည်သူများအား Cobas-6800 စက်နှင့် RT-PCR  နည်းတို့ဖြင့် ကူညီစစ်ဆေးပေးနေမှု၊ တပ်မတော်က ကန့်သတ်စောင့်ကြည့် Qurantine  Center နေရာများ၊ ဓာတ်ခွဲအတည်ပြု လူနာထားရှိ ကုသရေးနေရာများ ဖွင့်လှစ်၍ သံဃာတော်များ၊ သီလရှင်များနှင့် အရပ်သားပြည်သူများအား လက်ခံကုသ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊  Covid-19 ရောဂါ ကုသရေးဆေးရုံ(ဖောင်ကြီး)၌ တပ်မတော်မှ ပါရဂူဆေးမှူးများ၊ သူနာပြု များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့များဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နေသည့် အခြေအနေများ၊ ကုသရေး ဆေးရုံများ၊ ဆေးခန်းများ၊ စင်တာများနှင့် လူမှုအဖွဲ့အစည်း များအား အောက်ဆီဂျင်အိုးများ အပါအဝင် Covid-19  ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းလျက် ရှိသည့်အခြေအနေများ။   

 တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စည်းကမ်း ဖောက်ဖျက်မှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနှင့်  မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

(၇၃)နှစ်မြောက်တပ်မတော်(ရေ) နှစ်ပတ်လည်နေ့နှင့် (၇၃)နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့များ ကျင်းပခဲ့မှု၊ မြန်မာ့တပ်မတော်(ရေ)နှင့် မြန်မာ့တပ်မတော်(လေ) တို့၏ သမိုင်းကြောင်း များနှင့် ခေတ်မီတပ်မတော် တည်ဆောက်နေမှု အခြေအနေများ၊ တပ်မတော်(ရေ)အနေဖြင့် ကဏ္ဍကြီး ၄ ရပ်ဖြစ်သော စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ သံတမန်ရေးရာ ကဏ္ဍနှင့် စာနာအကူအညီပေးရေး ကဏ္ဍအားလုံးတို့အား တိုးတက် မြင့်မားအောင် ဆောင်ရွက်နေမှု၊ "စွမ်းရည်မြင့်မားသည့် တိုက်ပွဲဝင်အသင့် ရေတပ်အဆင့် " မှ " ဒေသတွင်း ရေပြာရေတပ်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းလာသော တပ်မတော်(ရေ) " အဖြစ် ချီတက်လျှောက်လှမ်းနေမှုနှင့် တပ်မတော်(ရေ)ကို သုံးဘက်မြင် စစ်ဆင်နိုင်စွမ်း ရှိသည့် ရေတပ် ( Three Dimensionan Navy )အဆင့်ဖြစ်အောင် တည်ဆောက်လျက် ရှိသည့် အခြေအနေများ။

ခေတ်မီတပ်မတော်(လေ)ဖြစ်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်မှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သဖြင့် လေသူရဲများ၊ စက်မှုလက်မှုစစ်သည်များ၊ အတတ်ပညာရှင် စစ်သည်များ၏ လေ့ကျင့်ရေး စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ခေတ်မီတပ်မတော်(လေ)၌ လိုအပ်သည့် မြေပြင်အထောက်အကူ ပစ္စည်းများ ဖြစ်သည့် မိုးလေဝသရေဒါများ၊ လေကြောင်း လမ်းညွှန်စက်များ၊ အထောက်အကူပြု ရေဒါများအား လေတပ်စခန်းများ၌ တပ်ဆင်၍ မြန်မာ့ဝေဟင်အား စောင့်ကြည့် ကာကွယ်ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်(လေ) အနေဖြင့် တိုးတက်ပိုင်ဆိုင်လာသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြင့်မားရေးတို့အား ဆောင်ရွက်လာနိုင်သည့်အပြင် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ (HADR) ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို  အားသွန် ခွန်စိုက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် HADR လုပ်ငန်းစဉ်များတွင် ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်၊ မချမ်းဘောတပ်နယ်များသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒီဇင်ဘာလအတွင်း သွားရောက်ခဲ့သည့်ခရီးစဉ်တွင်  ကချင်နှစ်ချင်း ခရစ်ယာန်အသင်းချုပ် (KBC)  အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် တာဝန်ရှိသူများ တွေ့ဆုံခဲ့မှုနှင့် ကချင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာသူ များ ပြန်လည် နေရာချထားရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝိုင်းမော်မြို့နယ် အတွင်းရှိ နမ့်ဆန်ယန်ကျေးရွာနှင့် တဘက်ယန်ကျေးရွာတို့ရှိ နေအိမ်များနှင့် အုပ်ချုပ်မှု အဆောက်အဦများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့မှု အခြေအနေများ၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာရှိစိန်လုံ(ပန်မူ) နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်း၊ အသင်းတော်ဆောင်၊ မူကြိုကျောင်း၊မီးဖိုဆောင်နှင့် ဘုရားကျောင်း အဝင်လမ်းတို့အား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်း လှူဒါန်းပြီး နယ်မြေခံ ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့မှ ပြန်လည်ပြုပြင်တည် ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့သို့ ရောက်ရှိ စဉ် သိန်းနီမြို့ရှိ  သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (ဟော်ခမ်းသျှမ်းဝီ) ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက အလှူငွေများ ထည့်ဝင်လှူဒါန်းမှုဖြင့် ရတနာပန္နက်တော် စိုက်ထူပေးနိုင်ခဲ့မှု အခြေအနေများ။

ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်း၊ ဒဂုံမြို့နယ်ရှိ ဇဖါရ်ရှားဂူ ဗိမာန် ကျောင်းနှင့် ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီစန္ဒာ မယ်တော် ဟိန္ဒူ ဘုရားကျောင်းများသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့မှု၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့မှု၊ (၇၃)နှစ်မြောက်၊ တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့မှု၊ တိုက်ခိုက်ရေး ရေငုပ်စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ် ၇ စီးတို့အား တပ်တော်ဝင်ပေးခဲ့မှု၊ ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့နှင့် ရန်ကုန်မြို့တို့ရှိ ဗိုလ်လောင်းသင်တန်းများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းကျောင်းများ၏ သင်တန်းဆင်း အခမ်းအနားများသို့ တက်ရောက်ခဲ့မှုနှင့် သင်တန်းဆင်း မိန့်ခွန်းများ ပြောကြားခဲ့မှု။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ရေး အတွက် အင်အားတောင့်တင်းပြီး ခေတ်မီမျိုးချစ် တပ်မတော် အဖြစ် တည်ဆောက်လျက်ရှိရာ အမျိုးသမီး စစ်မှုထမ်းများအား၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားသည်။

 ဆက်လက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြား သည်။

 အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန ၂၀ ခုမှ သတင်းထောက်များ လာရောက် တွေ့ဆုံသတင်း ရယူခဲ့ကြကြောင်း သတင်းရရှိသည်။