တပ်မတော်အနေဖြင့်၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နှင့် တရားမဝင် သယံဇာတ ထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ စုစုပေါင်း ၇၄ စီး ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

တပ်မတော်အနေဖြင့်၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်နှင့် တရားမဝင် သယံဇာတ ထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ စုစုပေါင်း ၇၄ စီး ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

နေပြည်တော် ၊ ဇန်နဝါရီ - ၂၂

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ ပိုင်နက်နယ်နိမိတ်လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတ များကို တရားမဝင်ထုတ်ယူရောင်းချနေမှုများကိုလည်း

စစ်ဆင်ရေးတစ်ရပ်အဖြစ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖော်ထုတ်တားဆီးကာ ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။

 နိုင်ငံတော်အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၉ ဖြင့် သစ်တောဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင်ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေတွင် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ်များ ချမှတ်ခြင်းတို့ကို ထည့်သွင်းဖော်ပြ၍ တရားမဝင်သစ်ထုတ်ယူရောင်းချမှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်၍ သတင်းဖော်ထုတ်ခြင်း၊ ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ပြုလုပ်လျက်ရှိရာ တရားမဝင်သစ်များ နေရာဒေသတစ်ခုတည်းတွင် တစ်ချိန်တည်း မြောက်မြားစွာ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၀  ပြည့်နှစ်၊ အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊အနောက်ဘက် ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်း များအတွင်းရှိနေရာများမှ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နှင့် အခြားသစ်များ စုစုပေါင်း ၃၆၂၉ ဒသမ ၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၈ ဘီလီယံခန့်)နှင့် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦး တို့ကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံ နိုင်ခဲ့သည်။

 တပ်မတော်အနေဖြင့်အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ မြန်မာ့အဖိုးတန်သစ်သယံဇာတများ တရားမဝင်ထုတ်ယူမှုများ ဖမ်းဆီးရမိမှု အနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်းတန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၁၀၀ ကျော်၊ ယာဉ်ယန္တရား ၈၄ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံပေးနိုင်ခဲ့ သည်။

 တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းသည် အရှည်စုစုပေါင်း ရေမိုင် ၁၂၆၀ ဒသမ ၅၆ မိုင်၊ ပိုင်နက်ရေပြင်ဧရိယာစတုရန်းမိုင် တစ်သိန်းလေးသောင်းကျော် အထိကျယ်ဝန်း ရှည်လျားကာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိပြီး စီးပွားရေး အချက်အခြာ ကျသည့် ပင်လယ်ရေလမ်းကြောင်းပိုင်နက်တစ်ခုဖြစ်သည့်အတွက် ကျယ်ဝန်းရှည်လျားသည့် မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သွားလာမှုများ မရှိစေရေး၊ အဖိုးတန်ရေအောက် သယံဇာတများကို တရားမဝင်ခိုးထုတ်ခြင်းများ မရှိ စေရေးနှင့် ပင်လယ်ပြင်လုံခြုံရေးတို့အတွက် မြန်မာ့တပ်မတော်(ရေ)က ရေနဂါးစစ်ဆင်ရေးနှင့် မြစ်ဧရာစစ်ဆင်ရေးတို့ဖြင့် နေ့ညမပြတ် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှကျယ်ပြန့်လာသဖြင့် ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်ပေးရန်၊ ရေကြောင်း လုံခြုံရေးအား ထိရောက်စွာကာကွယ်ပေးရန်အတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်လက်အောက်၌ မြန်မာနိုင်ငံ၏ ပိုင်နက် ပင်လယ်ပြင်နှင့် အတွင်းပိုင်းရေပြင်လုံခြုံရေး၊ ဆိပ်ကမ်းများလုံခြုံရေး၊ မြစ်ချောင်းများ လုံခြုံရေးတို့အား ဆောင်ရွက်ရန် ရေကြောင်းရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် စစ်ရေယာဉ်များ ပံ့ပိုးကူညီလွှဲပြောင်းပေးခဲ့ပြီး ရေကြောင်းအကျိုးစီးပွားကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်(ရေ)အနေဖြင့် နိုင်ငံ့ရေပိုင်နက်ကာကွယ်ရေးတာဝန်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ တရားမဝင် ရေသယံဇာတ များ ထုတ်ယူမှုမရှိရေးနှင့် ပိုင်နက်နယ်မြေအတွင်း တရားမဝင် ဝင်၊ ထွက်မှုများ မရှိစေရေးတို့အတွက် နေ့ညမပြတ်စောင့်ကြပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင် သယံဇာတထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၃၀ ဦးကိုလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆၈ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပြီး စုစုပေါင်း တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ  လှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများအပြင် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရင်းအမြစ်များဖြစ်သည့် ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက် သယံဇာတများကို  တရားမဝင် ထုတ်ယူရောင်းချမှုများ မရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ဆက်လက်ပူးပေါင်းကာကွယ် လျက်ရှိကြောင်း သတင်းရရှိသည်။