တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ တပ်မတော်မှ ကူညီဆောင်ရွက်ပေး မှုများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ (၇၃)နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့နှင့် (၇၃)နှစ်မြောက်  တပ်မတော်(လေ) နှစ်ပတ်လည်နေ့တို့တွင် တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့၏ သမိုင်းကြောင်းနှင့် ရေတပ်တော်ဝင် စစ်ရေ ယာဉ်များအကြောင်း၊ ဒီဇင်ဘာလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ် များ၊ တပ်မတော်နှင့်  အမျိုးသမီးများ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲအား ယနေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၂၅ မိနစ်အထိ နေပြည်တော်ရှိ  တပ်မတော် စစ်သမိုင်းပြတိုက်၌   ကျင်းပပြုလုပ်ခဲ့ရာ  ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊  ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများ၊ စုစုပေါင်းသတင်းဌာန ၂ဝ ခုမှ သတင်းထောက် ၃၆ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းထောက် များက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ပြန်လည် ဖြေကြားသည်။

ဦးစွာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အားလုံးမင်္ဂလာပါ။ မင်္ဂလာရှိတဲ့ နှစ်သစ်ကူး အခါသမယဖြစ်ပါကြောင်း၊ ယနေ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကိုယ်စားသတင်းစာရှင်းလင်းပွဲတွင်    အကြောင်းအရာ ၅ ခုကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပထမအကြောင်းအရာ အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ တပ်မတော်က ကူညီဆောင်ရွက်နေမှုများ၊ ဒုတိယ အကြောင်းအရာမှာ ပုံမှန်ရှင်းလင်း နေကျဖြစ်သော တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှု၊ တတိယအချက် အနေဖြင့် (၇၃)နှစ် မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ နှင့် (၇၃)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့တို့တွင် တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့၏ သမိုင်းကြောင်းနှင့်  ရေတပ်တော်ဝင် စစ်ရေယာဉ်များ အကြောင်း၊ Standard  Army တည်ဆောက်မှုမှာ တပ်မတော်(ရေ)၊  တပ်မတော်(လေ)၏ အခန်းကဏ္ဍ၊ စတုတ္ထအချက်အနေဖြင့် ဒီဇင်ဘာလအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ဆောင်ချက်များ၊ ပဉ္စမအချက် အနေဖြင့် တပ်မတော်နှင့် အမျိုးသမီးများ ၏အခန်းကဏ္ဍ အကြောင်းတို့ဖြစ်ကြောင်း  ပြောကြားသည်။

ပထမအချက်မှာ တပ်မတော်အနေဖြင့် COVID-19 ရောဂါဒုတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်ချက်အရ ကျား ၂၃၅၃၉ ဦး၊ မ ၁၅၃၃၇ ဦးတို့ကို  RT-PCR  စက်နှင့် Cobas-6800 စက်တို့ဖြင့် ၂၆-၅-၂ဝ၂ဝ ရက်နေ့မှ ၂၆-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ  အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်- ၁ဝဝဝ)နှင့် အမှတ်(၂) တပ်မတော်ဆေးရုံ ကြီး (ခုတင်-၁ဝဝဝ)တို့တွင် စစ်ဆေးခဲ့ရာ ပိုးတွေ့ပြည်သူ ၂၁၇၅ ဦးရှိကြောင်း၊ တပ်မတော်ဆေးရုံများနှင့် ကုသရေး စင်တာများ တွင် အရပ်သားပြည်သူ COVID-19 ရောဂါ အတည်ပြုလူနာ ကျား ၉၆၇ ဦး၊ မ ၇၆၂ ဦး စုစုပေါင်း ၁၇၂၉ ဦး၊ သံဃာတော် အတည်ပြု လူနာ ၁ဝဝ၃ ပါး၊ သီလရှင် အတည်ပြုလူနာ ၁ဝဝ ပါးတို့အား ဆေးရုံတက်ရောက် ကုသ ပေးခဲ့ရာ ၂၆ဝ၁ ဦးမှာ ရောဂါ သက်သာလာပြီး ရောဂါလက္ခဏာပြသမှု မရှိတော့၍ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါကြောင်း၊ ဆေးရုံ တက်ရောက်နေဆဲမှာ ၂၁၇ ဦးဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက် COVID-19ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်နိုင်ရေး အရပ်သား ပြည်သူများအတွက် နေရာထိုင် ခင်းပြင်ဆင်ပေးထားမှုမှာ ထားရှိနေရာ ၁၄  နေရာတွင် ဝင်ဆံ့အင်အား ၇ဝဝဝ ဦးခန့်နှင့် ဒီဇင်ဘာလ ၂၄ ရက်တွင် တက်ရောက်နေ သည့် အရပ်သား ၈၈ဝ ဦးရှိပြီး  ယခင်ကတည်းက ထားရှိခဲ့တဲ့ အင်အားစုစုပေါင်း ၁၁၉၇၈ ဦးရှိကြောင်း၊ COVID-19 ရောဂါ စောင့်ကြည့်ကုသရေး ဆေးရုံ(ဖောင်ကြီး) တွင် ဆေးကုသမှုပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊   ရောဂါဗေဒပါရဂူနှင့် ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ ၄ဝ ဦး တို့ပါဝင်သော အဖွဲ့များဖြင့် ၁၉-၄-၂ဝ၂ဝ ရက်နေ့မှစတင်၍ COVID-19 ကုသရေး ဌာန(ဖောင်ကြီး)သို့ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ တပ်မတော်အနေဖြင့် သီးခြားကန့်သတ် စောင့်ကြည့်ရမည့် နေရာများ၌ အရပ်သားများအား လက်ခံဆောင်ရွက်ပေးခြင်း၊ လိုအပ်ချက် ရှိသည့် ကုသရေးဆေးရုံ၊ စင်တာများ၌   အောက်ဆီဂျင်အိုးများ သွားရောက်လှူဒါန်းခြင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူမှုအဖွဲ့အစည်းများအား COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ အာဟာရဖြည့် စားသောက်ဖွယ်များ  လှူဒါန်းခြင်းတို့ကို  ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဒုတိယအချက် အနေဖြင့် ပုံမှန်ရှင်းလင်း နေကျဖြစ်သော တိုင်းစစ်ဌာနချုပ်အလိုက် ထိတွေ့မှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ တပ်မတော်နှင့် ထိတွေ့မှုများ အနေဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း TNLA အဖွဲ့ နှင့် ၃ ကြိမ်၊ MNDAA အဖွဲ့နှင့် ၃ ကြိမ်၊ KIA၊TNLA  ပူးပေါင်းအဖွဲ့နှင့် ၂  ကြိမ်၊ MNDAA၊ TNLA ပူးပေါင်းအဖွဲ့နှင့် ၂ ကြိမ်၊ TNLA၊ SSPP/SSAပူးပေါင်း အဖွဲ့နှင့် ၁ ကြိမ်၊ MNDAA ၊ AA ပူးပေါင်းအဖွဲ့နှင့် ၁ ကြိမ်၊ စုစုပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့မှုအနေဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း TNLA ၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA  အဖွဲ့တို့ အချင်းချင်း တိုက်ခိုက်မှု ၇  ကြိမ်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း၊ နယ်မြေကျော် လွန်လှုပ်ရှားမှုများ အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း  KIA အဖွဲ့ ၁ ကြိမ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်  နယ်မြေအတွင်း  TNLA အဖွဲ့ ၂၆ ကြိမ်၊ KIA အဖွဲ့ ၉ ကြိမ်၊ RCSS/SSA အဖွဲ့ ၇ ကြိမ်၊  SSPP/SSA  အဖွဲ့  ၄  ကြိမ်၊ MNDAA အဖွဲ့ ၁ ကြိမ်၊ အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း RCSS/ SSA အဖွဲ့ ၁၄ ကြိမ်၊ SSPP/ SSA အဖွဲ့ ၁၃ ကြိမ်၊ စုစုပေါင်း  ၇၅ ကြိမ် ဖြစ်ကြောင်း၊ ဆက်ကြေး ကောက်ခံမှုများ အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း KIA အဖွဲ့ ၈ ကြိမ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း TNLA အဖွဲ့ ၂  ကြိမ်၊  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း SSPP/SSA အဖွဲ့ ၂ ကြိမ်၊ RCSS/ SSA အဖွဲ့ ၁ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ်တို့ ရှိကြောင်း၊ လူသစ် စုဆောင်းမှုများ အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း KIA  အဖွဲ့ ၄ ကြိမ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း TNLA အဖွဲ့ ၂ ကြိမ်၊ KIA အဖွဲ့ ၁ ကြိမ်နှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း RCSS/SSAအဖွဲ့ ၂ ကြိမ်၊ စုစုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်အထိ တိုင်း စစ်ဌာနချုပ် နယ်မြေ ၁ဝ ခုမှာ ဘိန်းဖြူ ၃၆ ဒသမ ၄၇ ကီလိုခန့်၊ ဘိန်းစိမ်း ၁၃၈ ကီလို ခန့်၊ စိတ်ကြွဆေးပြား ၁၁၅ သိန်းခန့်နှင့်  အိုက်စ် ၅၂ ကီလို၊ အခြားမူးယစ်ဆေးဝါး ၅ ဒသမ ၃၅ ကီလိုခန့် ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၃၉  ဘီလီယံကျော်ခန့်  ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားသည်။

တတိယအချက်အနေဖြင့်  (၇၃)နှစ် မြောက် တပ်မတော်(ရေ)နေ့နှင့် (၇၃)နှစ်မြောက် တပ်မတော်(လေ)နေ့တို့တွင် မြန်မာ့ တပ်မတော်(ရေ)နှင့်(လေ)တို့၏ သမိုင်းကြောင်းနှင့်  ခေတ်မီတပ်မတော် တည်ဆောက်နိုင်မှု အခြေအနေကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)သည် လွတ်လပ်ရေး မရမီကပင် သန္ဓေတည် ပေါက်ဖွား လာခဲ့သည့်တပ်ဖွဲ့ဖြစ်ကြောင်း၊ ၁၉၄ဝ ပြည့်နှစ်တွင် ဗြိတိသျှခေတ်၌ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော် ((Burma Royal Naval Volunteer Reserve-BRNVR))ကို  ဖွဲ့စည်းတည်ထောင်ခဲ့ရာ အင်အား ၁၅ဝဝ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် တော်လှန်ရေးနှင့်အတူ ဗမာ့လွတ်လပ်ရေး ရေတပ်မတော် ဖျက်သိမ်းခဲ့ပြီး မဟာမိတ်တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရရှိရန်  ဆက်လက် တိုက်ပွဲဝင်ခဲ့ရာ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ တွင် ဗမာ့ရေတပ်မတော်(Burma Navy-BN)အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုနေ့ သည်ပင် မြန်မာ့တပ်တော်(ရေ) စတင်ပေါ်ပေါက်ခဲ့ပြီး တပ်မတော်(ရေ)နေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ စတင် ဦးဆောင်ခဲ့သူမှာ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုဖြစ်ပြီး စတင်ဖွဲ့စည်းခဲ့စဉ် အချိန်က စစ်ရေယာဉ် အမျိုးအစား၊ အရေအတွက် အနည်းငယ်သာ ရှိကြောင်း၊ ဗြိတိသျှတို့ထံမှ လွှဲပြောင်းရရှိသည့် ဖရီးဂိတ်စစ်ရေယာဉ် (မေယု) အပါအဝင် စစ်ရေယာဉ် အနည်းငယ်သာ   အသုံးပြုနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော် (ရေ)အနေဖြင့် ၁၉၆ဝ ပြည့်နှစ်အထိ ရေယာဉ် ကြီးများအား ဖြည့်တင်းနိုင်ခြင်း မရှိဘဲ ကမ်းခြေစောင့်ရေယာဉ်၊ မြစ်တွင်းရေယာဉ်များသာ ရှိခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် တွဲဆွဲရေယာဉ်များ၊ ၁၉၆၃ ခုနှစ်တွင် ကမ်းထိုးရေယာဉ်များကို တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ်တွင်မူ  ပီစီအီး အမျိုးအစား စစ်ရေယာဉ် (ရန်ကြီးအောင်)နှင့် တော်ပီဒို မိခင်စစ်ရေယာဉ် (ရန်လုံးအောင်)တို့အား တပ်တော်ဝင်ခြင်း၊ ရေတပ် စက်မှုလက်မှုတပ်မှ ကမ်းထိုးရေယာဉ်များ တည်ဆောက်ခြင်း ပြုလုပ်၍ တပ်မတော်(ရေ)၏ ခေတ်သစ် တပ်မတော် တည်ဆောက်ရေးကဏ္ဍကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်တွင် အင်းအမျိုးအစား စစ်ရေယာဉ်(အင်းတော်)၊ (အင်းမ)နှင့် (အင်းယား)တို့ကို တပ်တော်ဝင်နိုင်ခဲ့ပြီး ရေတပ်အင်အားကို တိုးမြှင့်နိုင်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်တွင် ရေတပ်ပင်မ စက်မှုလက်မှုတပ်မှ  သံမဏိကိုယ်ထည် ကမ်းခြေစောင့် ရေယာဉ်များကို စတင်တည်ဆောက်နိုင်ခဲ့ကာ ၁၉၉ဝ ပြည့်နှစ်တွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်များကိုကိုယ်ပိုင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ်တွင်  ရေငုပ်သင်္ဘော တိုက်ဖျက်ရေး သင်္ဘောများကို ဝယ်ယူ၍ တပ်တော်ဝင်ပြုလုပ်နိုင်ခဲ့သဖြင့် တပ်မတော်(ရေ)တွင် စစ်ဆင်မှု နယ်ပယ်   ၄ ရပ်၌  တစ်ခုအပါအဝင်ဖြစ်သော ရေအောက်ရန် ကာကွယ်ရေး စွမ်းရည် တိုးတက်ရရှိခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း၌ တပ်မတော်(ရေ) တွင် ဒုံးပျံတင် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်များ၊ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(အမြောက်)များ တပ်တော်ဝင်နိုင်ခဲ့သည့်အပြင် ပထမဆုံး ကော်ဗက်အမျိုးအစား စစ်ရေယာဉ်(အနော်ရထာ)အား ၂ဝဝဝ ပြည့်နှစ်၌ တပ်တော်ဝင်ခဲ့ရာ တပ်မတော်(ရေ)၏ ဒုံးပျံတင်  ကော်ဗက်စစ်ရေယာဉ်သမိုင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်က ကမ်းနီးပင်လယ်ကိုသာ စိုးမိုးနိုင်သည့် အနေအထားမှ သီးသန့်စီးပွားရေး ဇုန်များအထိ တိုက်ကင်းလှည့် စိုးမိုးထားနိုင်သည့်  ရေတပ်အဖြစ် တိုးတက်ခဲ့ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ပြည်တွင်း၌ထုတ် လုပ်သည့်အတွေ့အကြုံများ ဆက်တိုက် ရရှိလာပြီးနောက်ပိုင်း ၂ဝ၁ဝ ပြည့်နှစ်တွင် ပထမ ဆုံး  ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)ကို ရေတပ်သင်္ဘောကျင်း ဌာနချုပ်၌ တည် ဆောက်၍ တပ်တော်ဝင်နိုင်ခဲ့သဖြင့် ယခင် ဖရီးဂိတ် စစ်ရေယာဉ် ပိုင်ဆိုင်မှုမရှိသည့် ရေတပ်အဆင့်မှ ဖရီးဂိတ် စစ်ရေယာဉ် ပိုင်ဆိုင်သည့် ရေတပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် ပင်လယ်ကမ်းရိုးတန်း ဒေသရှိ သွားလာရ ခက်ခဲသောနေရာများ၊ ကျွန်းများ၊ မြစ်ချောင်းပေါများသည့် ဒေသများအထိ သွားရောက်ဆေးကုသမှု ဆောင်ရွက်နိုင်ရေး  ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့် မြစ်တွင်းသွားရေယာဉ်  (ရွှေပုဇွန်)တို့ကို တည်ဆောက်၍ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

တပ်မတော်(ရေ)ကို ခေတ်မီစေရေးနှင့် တိုက်စွမ်းရည်တိုးတက်စေရေးအတွက် လေ့ကျင့်ရေး စွမ်းရည်ကို  မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရေယာဉ်တစ်စင်းချင်း လေ့ကျင့်ခြင်း၊ ရေယာဉ်အလိုက် တပ်ပေါင်းစုပေါင်း လေ့ကျင့်ခြင်းတို့ကို   ဆောင်ရွက်နိုင်ခဲ့ကြောင်း၊   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၄ ခုနှစ်၌  စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2014) ကို ပထမဆုံးစတင် လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး C801A  ဒုံးပျံပစ်ခတ်မှုနှင့်အတူ   တပ်မတော်(ရေ)၏ တိုက်စွမ်းရည်သည်  ယခင်က  ရေဒါဖြင့် ဖမ်းယူနိုင်သည့်  မိုးကုတ်စက်ဝိုင်း ပစ်မှတ် (Radar Horizon Target)အား ပစ်ခတ်နိုင်သော ရေတပ်အဆင့်မှ မိုးကုတ်စက်ဝိုင်းလွန် ပစ်မှတ်(Over the Horizon Target)အား  ချေမှုန်း တိုက်ခိုက်နိုင်စွမ်းရှိသော ရေတပ်အဆင့်သို့ ပြောင်းလဲတက်လှမ်းနိုင်ခဲ့ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်ခုလုံးအား လက်ယှက်ထိုး ကာကွယ်စောင့်ကြည့်နိုင်ရန်အတွက် စောင့်ကြည့်ရေး ရေဒါများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ရေကြောင်း အကျိုးစီးပွားများကို ကာကွယ်ပေးရန်၊ ရေကြောင်းလုံခြုံရေးအား ထိရောက်စွာ ကာကွယ်ပေးရန်အတွက် ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လက်အောက်၌ မြန်မာနိုင်ငံ၏ ပိုင်နက်ပင်လယ်နှင့် အတွင်းပိုင်းရေပြင် လုံခြုံရေး၊ ဆိပ်ကမ်းများ လုံခြုံရေး၊ မြစ်ချောင်းများ လုံခြုံရေးတို့အား ဆောင်ရွက်ရန် ရေကြောင်းရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် စစ်ရေယာဉ် လေးစင်းတို့အား ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊  ယခုအချိန်တွင်   တပ်မတော်(ရေ)အနေဖြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)ကို တပ်မတော်(ရေ)တွင် တပ်တော် ဝင်နိုင်ခဲ့ပြီဖြစ်သည့်အတွက် အနာဂတ်တွင် ရေငုပ်သင်္ဘောအုပ်စုအား ပိုင်ဆိုင်နိုင်တော့မည့် အခြေအနေကို စတင် တက်လှမ်းနိုင်တော့မည်ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦစီးချုပ်က (၇၃)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် တပ်မတော်(ရေ)နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ့စွမ်းအား (National  Power)  တည်ဆောက်ရာမှာ  စစ်ရေးစွမ်းအား(Military Power)) တည်ဆောက်ခြင်းသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်လာကြောင်း၊ ၂၁ ရာစုခေတ်သစ် စစ်ပွဲများ၏ သဘောတရားအရ ရေတပ်ဖွဲ့ တစ်ဖွဲ့တည်းဖြင့် စစ်ဆင်ဆောင်ရွက်ခြင်းထက် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းဖြင့်   ရည်မှန်းချက်အပေါ် ထိရောက်အောင်မြင်မှု ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင် နိုင်စွမ်းရှိအောင် ရည်မှန်းပြီး တစ်ပြိုင်နက်တည်း စွမ်းအားမြှင့်တင် ဆောင်ရွက်ပေးခဲ့သည်ကို ပြောကြားခဲ့ကြောင်း၊ တပ်တော်ဝင်ခဲ့သော ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ ဆိုသည့်နာမည်၏ အဓိပ္ပာယ်မှာ မင်းရဲဆိုတာ အလွန်ရဲရင့်သည့်သူရဲကောင်း၊  သိင်္ခသူဆိုသည်မှာ အောင်မြင်ခြင်း ရန်အပေါင်းကို အောင်မြင်စွာ ချေမှုန်းနိုင်သူဟု  ဆိုလိုပါကြောင်း၊ ရှေးမြန်မာမင်းများ လက်ထက် ရန်အပေါင်းကို အောင်မြင်စွာ  ချေမှုန်းနိုင်သည့် အလွန်ရဲရင့်သော သူရဲကောင်းများကို ချီးမြှင့်ပေးသော ဘွဲ့အမည်ဖြစ်ပါကြောင်း၊ ထိုရေငုပ်သင်္ဘော အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲရေးနှင့် မည်သည့် ကျူးကျော်စစ်ကိုမဆို ရဲစွမ်းသတ္တိရှိစွာနှင့် အောင်မြင်စွာ ချေမှုန်းနိုင်ဖို့အတွက် ၎င်းအမည်ကို   ပေးထားခြင်းဖြစ်ကြောင်း၊ တပ်တော်ဝင်နိုင်ခဲ့သဖြင့် တပ်မတော်(ရေ )ကိုလည်း  သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ် (Three   Dimensional  Navy)  အဆင့်ဖြစ်အောင် တည်ဆောက်လျက် ရှိပါကြောင်းဖြင့်  တပ်မတော်(ရေ)နှင့် ပတ်သက်၍    ပြောကြားခဲ့ကြောင်း ပြောကြားသည်။

တပ်မတော်(လေ) သမိုင်းကြောင်းနှင့် ဖြစ်ပေါ်တိုးတက်မှုများ အနေဖြင့် ရန်ကုန်လေယာဉ်မောင်း သင်ကျောင်းအား ၁၉၃၄ ခုနှစ်အချိန်မှစ၍ တည်ထောင်ခဲ့ရာ မြန်မာနိုင်ငံသို့ ပျံသန်းမှု အတတ်ပညာများ အစပျိုး ရောက်ရှိလာခဲ့ကြောင်း၊ ၁၉၄ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တပ်မတော်(လေ)၏ ရှေ့ပြေးဖြစ်သော   ဗမာ့အပျော်တမ်း လေတပ် (Burma Volunteer Air Unit-BVAU)အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊  ပထမဦးဆုံး လေယာဉ်မောင်း သင်တန်းအား ၁၉၄ဝ ပြည့်နှစ်၊ နိုဝင်ဘာလ  ၁၆  ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ကြောင်း၊ အနာဂတ် တပ်မတော်(လေ)အတွက် ဗိုလ်လောင်း စုစုပေါင်း ၁ဝ ဦး ရွေးချယ်ကာ ဂျပန်နိုင်ငံသို့ လေယာဉ်မောင်း သင်တန်း တက်ရောက်ရန်   ရွေးချယ် စေလွှတ်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်  ဗမာ့အစိုးရ ကာကွယ်ရေး ဌာနမှ ၁၉၄၇ ခုနှစ် ဗမာ့လေတပ်မတော် အက်ဥပဒေအား ပြဋ္ဌာန်းခဲ့ခြင်းနှင့်အတူ တပ်မတော်(လေ) စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် အမှတ်(၁)တိုက်လေယာဉ်အုပ်အား စတင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် မင်္ဂလာဒုံလေတပ် စခန်းအား  နိုင်ငံ၏  ပင်မလေတပ်စခန်း အဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမှတ်(၂)သယ်ယူပို့ဆောင်ရေး အုပ်အား ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ် အလယ်ပိုင်းခန့်တွင် တပ်မတော်(လေ)၌ အမျိုးသမီးတပ်ဖွဲ့ ဖွဲ့စည်းရန်အတွက် အမျိုးသမီး အရာရှိ လေးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် အမှတ်(၅၃)ရဟတ်ယာဉ်အုပ်အား  မြန်မာနိုင်ငံရဲ့  ပထမဆုံး ရဟတ်ယာဉ်အုပ်အဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ တပ်မတော်(လေ)အနေဖြင့်   ပြည်ပကျူးကျော်စစ် တရုတ်ဖြူကျူးကျော်သူများအား တိုက်ထုတ်ရသည့် စစ်ဆင်ရေး၌လည်း   ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် မြန်မာ့လေပိုင်နက် အတွင်းသို့ တရုတ်ဖြူ ကျူးကျော်သူများကို ထောက်ပံ့ပေးရန်   ကျူးကျော်ဝင်ရောက်ခဲ့သည့် ရန်သူ့အင်ဂျင် လေးလုံးတပ် B-24 ဗုံးကြဲလေယာဉ် မျိုးကွဲအမျိုးအစား လေယာဉ်ကြီးအား ဝေဟင်တိုက်ပွဲဆင်နွှဲကာ ပစ်ချခဲ့ပြီး မြန်မာ့တပ်မတော်မှ လေသူရဲတစ်ဦး တိုင်းပြည်အတွက်    အသက်ပေးလှူခဲ့ကြောင်း၊ ၎င်းလေကြောင်းတိုက်ပွဲသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အရှေ့တောင် အာရှဒေသ၌   ပထမဆုံးဖြစ်ပွားခဲ့သော လေကြောင်း တိုက်ပွဲဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် ၁၉၆၂ ခုနှစ်မှစတင်၍ T-33 အမောင်းသင် ဂျက်လေယာဉ်များအား စတင်တပ်ဆင်ခဲ့ရာ ၁၉၆၂ ခုနှစ်၌ အရှေ့တောင်အာရှဒေသတွင် အင်အားအတောင့်တင်းဆုံး လေတပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် PC 7 နှင့် PC 9 အမျိုးအစား ပန်ကာတပ် အမောင်းသင် လေယာဉ်များကိုသာ ပင်မတိုက်ပွဲဝင် လေယာဉ်များအဖြစ် အသုံးပြုနိုင်ခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက် ၁၉၉ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံလုပ်  FT-7  ဂျက်လေယာဉ်များနှင့် ၁၉၉၁ ခုနှစ်တွင်  G 4 ဂျက် လေယာဉ်များ၊  Sokol ရဟတ်ယာဉ်နှင့် Mi-2 ရဟတ်ယာဉ်များ တပ်မတော်(လေ)သို့ ရောက်ရှိ အသုံးပြုခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၅ ခုနှစ်တို့၌ A-5 ဗုံးကြဲဂျက်လေယာဉ်များ၊ Y-8သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ၊ Mi-17ရဟတ်ယာဉ်များ၊ ၁၉၉၉ ခုနှစ်တွင် K-8  အမောင်းသင် ဂျက်တိုက်လေယာဉ်များ ရောက်ရှိလာပြီး  ဂျက်တိုက်လေယာဉ်များကို  ပင်မတိုက်ပွဲဝင် လေယာဉ်များအဖြစ် အသုံးပြုနိုင်သော လေတပ်အဆင့်သို့ တိုးတက် လာခဲ့ကြောင်း၊ အနီအောက်ရောင်ခြည်သုံး ဝေဟင်မှဝေဟင်ပစ်    ပဲ့ထိန်းဒုံးများကို ပိုင်ဆိုင်လာသောကြောင့် တပ်မတော်(လေ)၏ တိုက်စွမ်းအား၊ တိုက်စွမ်းရည်ကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ ဝေဟင်ပိုင်နက်နှင့် အချုပ်အခြာအာဏာကို  ကာကွယ်စောင့်ရှောက်ရာတွင်  ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း ရရှိလာခဲ့ကြောင်း၊ တပ်မတော်(လေ)သည် စတုတ္ထမျိုးဆက် ဘက်စုံသုံးခေတ်မီ တိုက်လေယာဉ်ဖြစ်သည့် MIG-29  တိုက်လေယာဉ်များကို ၂ဝဝ၁ ခုနှစ်မှစတင်၍ အသုံးပြုလာနိုင်ခဲ့ပြီး တပ်မတော်(လေ)၏ အဓိက အားအထားရဆုံး တိုက်ခိုက်ရေး လေယာဉ်အုပ်စုဖြစ်လာခဲ့ကြောင်း၊ ယခင်က ဝေဟင်မှဝေဟင် ပစ်ခတ်နိုင်မှုတွင် အနီအောက်ရောင်ခြည်သုံး တာတိုပစ် ပဲ့ထိန်းဒုံးပျံကိုသာ ပစ်ခတ်နိုင်ရာမှ ပိုမိုတိကျစွာ လမ်းညွှန်ပဲ့ထိန်းပေးနိုင်သည့် ရေဒါလမ်းညွှန် ပဲ့ထိန်းစနစ်သုံး တာလတ်ပစ် ပဲ့ထိန်းဒုံးပျံများ   ပစ်ခတ်နိုင်စွမ်းကို ပိုင်ဆိုင်လာပြီး  ၎င်းဒုံးပျံများနှင့်  တွဲဖက်အသုံးပြုရသည့်  ပစ်မှတ်ရှာစနစ်များကို အသုံးပြု လာနိုင်ခဲ့ကြောင်း၊  တပ်မတော်(လေ)အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ကာလတွင် အဓိက ဘက်စုံသုံးတိုက်ခိုက်ရေး လေယာဉ်များအား   အဆင့်မြှင့်တင်ခြင်း ပြုလုပ်နိုင်သည့်အပြင်  ထပ်မံဝယ်ယူဖြည့်တင်းခြင်းဖြင့် မြန်မာ့ဝေဟင်ပိုင်နက်အား   အပြည့်အဝ စိုးမိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း ရုရှားနိုင်ငံမှ ခေတ်မီ Yak-130 အပေါ့စား ဂျက်တိုက်လေယာဉ်များအား ဝယ်ယူအသုံးပြုခဲ့ပြီး မြန်မာ့ရေ၊ မြေ၊ ဝေဟင်နှင့်ကိုက်ညီသည့် အပေါ့စား တိုက်လေယာဉ်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နောက်ပိုင်းတွင်  ယခင်က သုံးစွဲလျက်ရှိတဲ့ ဒုတိယမျိုးဆက် တိုက်လေယာဉ်များနေရာ၌ အစားထိုးနိုင်ရေး JF-17 ဘက်စုံသုံး တိုက်လေယာဉ် များကို ၂ဝ၁၈ ခုနှစ်မှစတင်၍ အသုံးပြုနိုင်ခဲ့ပြီး တပ်မတော်(လေ)၏   လေယာဉ်မောင်း သင်တန်းအား    နိုင်ငံတကာ အဆင့်မီ သင်ကြားပို့ချနိုင်ရေး အတွက်  ခေတ်မီ Grob 120 TP အမျိုးအစား အမောင်းသင်လေယာဉ်များကို စတင် အသုံးပြုလျက်ရှိပါကြောင်း၊ဒါ့အပြင် တပ်မတော်(လေ)ကို တည်ဆောက်သည့်အခါ လေယာဉ်သာမက တပ်မတော်(လေ)က လိုအပ်သည့်မြေပြင် အထောက်အကူပြုပစ္စည်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်(လေ)အနေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး  တိုက်စွမ်းရည်၊  တိုက်စွမ်းအားများ မြင့်မားရေး ဆောင်ရွက်နိုင်သည့်အပြင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ (HADR)   ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များကို   တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  နိုင်ငံအဝန်းမှာ ရှိသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသည့် နေရာများတွင်  တပ်မတော်(လေ)မှ ရှိသည့် လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီး   အချိန်မီကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကိုလည်း  ကူညီကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဥပမာအနေဖြင့်  ၂ဝ၁၁  ခုနှစ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့၌ဖြစ်ပွားခဲ့သည့် ရေဘေးအတွက် တပ်မတော်(လေ)မှ   သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း၌လည်း နီပေါနိုင်ငံ၌ဖြစ်ပွားခဲ့သည့်   ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခခံစားနေရသည့် ပြည်သူများအတွက်   ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးခြင်းနှင့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(စ်) (Coronavirus Disease 2019 - COVID-19)ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက်  မြန်မာ့ တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများ သွားရောက်ပေးပို့ လှူဒါန်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများ ပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် မြန်မာ့တပ်မတော်၏ ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်၌ ကျရာကဏ္ဍမှ တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက် စွမ်းရည်အချို့ ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ရပ်တည်နိုင်ရန် မှန်ကန်သည့် မဟာဗျူဟာ အမြင်ဖြင့် ဦးတည်လျှောက်လှမ်းလျက် ရှိပါကြောင်း ပြောကြားသည်။

စတုတ္ထအချက် အနေဖြင့် ဒီဇင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားမှာဖြစ် ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြစ်ကြီးနားသို့ ရောက်ရှိစဉ် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်(KBC)အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံစဉ် တိုင်းပြည်တိုးတက်ပြီး   တည်ငြိမ်အေးချမ်းရန် နိုင်ငံရေးနှင့် လုံခြုံရေးအရ    တည်ငြိမ်အေးချမ်းမှု လိုအပ်နေမှု၊  ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ COVID-19  ရောဂါနှင့် ပတ်သက်သည့်ကိစ္စရပ်များကို  ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးပွဲ အကျိုးဆက်အဖြစ် ကချင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာသူများ   ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာ ကနဦး ပြန်လည်နေရာချထားရန်  လျာထားသည့် ကျေးရွာ ၂၄ ရွာမှ အတည်ပြု ရွေးချယ်ထားသောကျေးရွာ ၁၇ ရွာကို ပထမ ဦးစားပေး ရွေးချယ်ထားသည့်    ဝိုင်းမော်မြို့နယ် အတွင်းရှိ   တဘက်ယန် ကျေးရွာအတွင်း တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ မိုင်း ၁ဝ လုံးဖော်ထုတ် ရှင်းလင်းပေးနိုင်ခဲ့ပြီး  ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊   ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး တစ်ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုနှင့် ကျေးရွာဝင်/ထွက်လမ်းများ မိုင်းရှင်းလင်းပြီး ဝိုင်းမော်မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူးထံ အပ်နှံပေးခဲ့ကြောင်း၊   ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ပြန်လည်နေရာချထားရေးနှင့် လယ်ယာမြေဖော်ထုတ်ရေး လုပ်ငန်းများ၊လူနေအိမ်များနှင့်   အုပ်ချုပ်မှု အဆောက်အအုံများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းအနေဖြင့် ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်တွင်   အိမ်ထောင်စု ၉၆ စု၊ ချီဖွေမြို့နယ်၊ ဇုတ်လန်ကျေးရွာတွင် ၂၇ စု၊ ဂီလော့ကျေးရွာတွင် ၅၄ စု၊   ကန်ပိုင်ယန် ရပ်ကွက်တွင် ၃၇ စု ပြန်လည်နေရာ ချထား ပေးနိုင်ပြီး အဆောက်အအုံ ၁၁ လုံး၊ ရုံးတစ်ရုံး၊ ဆေးပေးခန်းတစ်ခု၊ မူလတန်းကျောင်း တစ်ကျောင်း၊   နမ့်ဆန်ယန်ကျေးရွာရှိ လယ်ဧက ၁ဝဝ ဧက၊  မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာရှိ  ဘုရားကျောင်းတို့အား  မိုင်းရှင်းလင်း ပေးနိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊  ပန်မူကျေးရွာရှိ စိန်လုံ(ပန်မူ) နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ပျက်စီးနေမှုကို ပြုပြင်ပေးလိုကြောင်းကို (KBC)ဥက္ကဋ္ဌနှင့် တွေ့သည့် အချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စတင်ကမ်းလှမ်း ပြောကြားရာတွင် (KBC)ဘက်က ဝမ်းသာအားရ လက်ခံခဲ့ကြောင်း၊   အဆိုပါကျောင်းသည်  ၁၉၆၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် မီးလောင်ဒဏ်ကြောင့်  ပျက်စီးယိုယွင်းခဲ့ကြောင်း၊  တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက    စုပေါင်းလှူဒါန်းပြီး နယ်မြေခံ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲနှင့်  ပန်မူကျေးရွာရှိ  ကျေးရွာသူ၊ ကျေးရွာသားများ  ပူးပေါင်းပြင်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက်တွင် ပြင်ဆင်မှုပြီးစီးခဲ့ကြောင်း၊  ဒေသခံ တပ်မှူးကြီးတစ်ဦး တက်ရောက်ပြီး   KBC မှ ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နှစ်ခြင်းဘုရားကျောင်းတော်၊ အသင်းတော်ဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်း အဝင်လမ်းတို့အား လွှဲပြောင်းပေးအပ် ခဲ့ကြောင်း ပြင်ဆင်ကုန်ကျမှု အနေဖြင့် ကျပ်သိန်း ၇၇ဝ လှူဒါန်းနိုင်ခဲ့ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး  ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ် ခမ်းနားထည်ဝါသော ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) သိန်းနီဟော်နန်း  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရန်ကုန်ခရီးစဉ်အတွင်း  ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သင်တန်း ကျောင်းဆင်းပွဲနှင့် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲများကို တက်ရောက်ခဲ့ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်း အနီးရှိ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်း၊ ဒဂုံမြို့နယ်ရှိ   ဇဖာရ်ရှားဂူဗိမာန်ကျောင်းနှင့် ကျောက်တံတားမြို့နယ်ရှိ သျှရီသျှရီစန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းတို့သို့   သွားရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် COVID-19  ရောဂါ ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍    ပဉ္စမအချက်အနေနဲ့ တပ်မတော်နဲ့ အမျိုးသမီးများ အခန်းကဏ္ဍကို ပြောကြားမည်ဖြစ်ကြောင်း၊    တပ်မတော် အနေဖြင့် အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)အထိ ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်   နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် အင်အားတောင့်တင်းပြီး    စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိရာ  အမျိုးသမီး စစ်မှုထမ်းများ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊  ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏  အခန်းကဏ္ဍ ကျယ်ပြန့် လာသည်နှင့်အမျှ  ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင်လည်း   အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် များစွာ တိုးတက်လာခဲ့ပြီး   အမျိုးသမီးပညာရှင်များ၊ စစ်ရေယာဉ်မှူးများ၊ တိုက်လေယာဉ်မှူးများ၊ အမျိုးသမီး ဝန်ကြီးချုပ်များနှင့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးများ   များစွာရှိနေသည်ကို တွေ့ရှိကြောင်း၊မြန်မာ့တပ်မတော်၏  သမိုင်းကြောင်း တစ်လျှောက်တွင်လည်း အမျိုးသမီး စစ်မှုထမ်းများစွာ   နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ မှတ်တမ်းများအရ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဝက်ထီးကန် တိုက်ပွဲ၌ အမျိုးသမီးစစ်သည် ၃ ဦး ဦးစီးသော မြန်မာတပ်က အင်္ဂလိပ်တို့ကို ရဲဝံ့စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အလားတူ ဖက်ဆစ်တော်လှန်ရေးကာလတွင်လည်း    မြန်မာအမျိုးသမီး လေထီးရဲမေများ ပါဝင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှာလည်း ၁၉၅၄ ခုနှစ်ကစပြီး  မြန်မာအမျိုးသမီး    စစ်ဝန်ထမ်းတပ်ဖွဲ့ကို အမျိုးသမီးအရာရှိ ၁ဝ ဦးနှင့် ဖွဲ့စည်းခဲ့သလို ပထမဆုံး အခြားအဆင့် အမျိုးသမီး စစ်သမီးများကို တပ်မတော်(ကြည်း)တွင်  ၁၉၂ ဦး၊ တပ်မတော်(ရေ)တွင် ၆ဝ ဦး၊ တပ်မတော်(လေ)တွင် ၅၉ ဦးတို့ ခန့်အပ်ခဲ့ကြောင်း၊ နိုင်ငံတကာရှိ  အမျိုးသမီး တပ်ဖွဲ့ဝင်များကို လေ့လာရန် အတွက်လည်း ၁၉၅၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊    အလာဘားမားမြို့တွင် ဖွင့်လှစ်သော အမျိုးသမီး အရာရှိ   အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ်(၁၃)တွင် မြန်မာနိုင်ငံမှ အမျိုးသမီးအရာရှိများ စေလွှတ်တက်ရောက်ခဲ့ကြောင်း၊ ထို့ပြင် Nursing Cadet First Intake ကိုလည်း ၁၉၅၉ ခုနှစ် ဇွန်လ ၁၇ ရက်တွင် အင်အား ၂၄ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၉၃ ခုနှစ် အမှတ်စဉ်(၁၆) အထိ စုစုပေါင်း ၇၆၁ ဦးကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်၊ မေလ ၁၃  ရက်တွင် BNSC အမှတ်စဉ်(၁)ကို အင်အား ၄၅ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၉၉ ခုနှစ်၊ အမှတ်စဉ်(၄)အထိ အင်အား ၂ဝ၈ ဦးကို လည်းကောင်း မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်မှစ၍ သူနာပြုသိပ္ပံဘွဲ့ သင်တန်းသူ ၁ဝဝ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ် အမှတ်စဉ်(၅)အထိ သင်တန်းသူဦးရေ ၃ဝ၈ ဦးကို ဖွင့်လှစ် လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ ၎င်းအပြင်  အရပ်ဘက် ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ရ အမျိုးသမီးအရာရှိများကိုလည်း အရာရှိငယ် သင်တန်းများ ပြန်လည် လေ့ကျင့်ပေးလျက်ရှိရာ   တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်  အမျိုးသမီးအရာရှိကြီး စုစုပေါင်း ၁၄ ဦး အထိရှိပြီး  ၂ ဦးကို တပ်မှူးကြီး အဖြစ်  ခန့်အပ်ထားရှိပါကြောင်း   ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေအချိုးအစားအရ  အမျိုးသမီး အရေအတွက်သည်   ၅ဝ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊    ထို့ကြောင့် တပ်မတော်အနေဖြင့်    အမျိုးသမီးအရာရှိ၊ စစ်သည်များအား ပြန်လည်မွေးထုတ်ကာ တာဝန်ပေးအပ်လျက်ရှိပြီး ယခုကဲ့သို့ အမျိုးသမီး အရာရှိများ မွေးထုတ်ပေးနေခြင်းသည် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊   နိုင်ငံတော် တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ စွမ်းအားများကို  အသုံးပြုနိုင်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက် ဗိုလ်လောင်း သင်တန်းကျောင်း(မှော်ဘီ)ကို  ၂ဝ၁၃ ခုနှစ်မှစတင်၍ နှစ်အလိုက် ဖွင့်လှစ်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်အထိ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)  ဖွင့်လှစ်လေ့ကျင့် ပေးနိုင်ခဲ့ပြီး တပ်မတော်(ကြည်း)တွင် အင်အား  ၆ဝ၄ ဦး၊ တပ်မတော် (ရေ)တွင် ၅၁ ဦး၊ တပ်မတော်(လေ)တွင် ၄၇ ဦး၊ စုစုပေါင်း  ဗိုလ်လောင်းသင်တန်း ကျောင်းဆင်း အမျိုးသမီးအရာရှိ  အင်အား ၇ဝ၂ ဦးအထိ မွေးထုတ်ပေးနိုင်ပြီးဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင်    ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး) သင်တန်းကိုလည်း ၂ဝ၁၄ ခုနှစ်  ဇူလိုင်လမှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ၊ အမှတ်စဉ်(၆)အထိ အင်အား ၁၂၈၁ ဦးအား လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အဋ္ဌမတန်းအောင်မြင်ပြီးသူ စစ်မှုထမ်းဆောင်လိုသော အမျိုးသမီးများ အတွက်လည်း တပ်သားသစ်(အမျိုးသမီး) သင်တန်းအား ၂ဝ၁၉ ခုနှစ်မှစတင်၍  ဖွင့်လှစ်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ တပ်မတော် စစ်လက်ရုံးကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူ  တပ်သားအဆင့် အမျိုးသမီး  ၈ဝ၄  ဦးအထိ   မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများ အနေဖြင့် တပ်စုအဆင့်၊   တပ်ခွဲအဆင့်စစ်ရေး လေ့ကျင့်ခန်းများနှင့် စစ်နည်းဗျူဟာများကိုလည်း သင်တန်း အမျိုးအစားအလိုက် လေ့ကျင့်ပေးလျက် ရှိကြောင်း၊ သင်တန်းအောင်မြင် ပြီးမြောက်ပြီး သက်ဆိုင်ရာ စစ်လက်ရုံးအသီးသီး၌ တာဝန်ထမ်းဆောင်လျက် ရှိသည့်  စစ်မှုထမ်း အမျိုးသမီးများ အနေဖြင့်လည်း အမျိုးသားများနှင့် တန်းတူ ရင်ပေါင်တန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ အခွင့်အရေးနှင့် ပတ်သက်၍လည်း အမျိုးသားများနှင့် တန်းတူ ပေးအပ်ထားလျက် ရှိကြောင်း၊ တပ်ဖွဲ့ဝင် အမျိုးသမီး အရာရှိများအတွက်  ခြေလျင်တပ်စုမှူး သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး   တိုက်ခိုက်ရေး ဘာသာရပ်၊   စစ်ဦးစီး ဘာသာရပ်များအပါအဝင်   ခေါင်းဆောင်မှု ကဏ္ဍပိုမို တိုးတက်ကောင်းမွန်စေရေးတို့ အတွက်  လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိသကဲ့သို့ တပ်ဖွဲ့ဝင် အမျိုးသမီးအရာရှိ/ စစ်သည်များ အထူးတာဝန် တပ်ဖွဲ့သင်တန်းများအား ဖွင့်လှစ်လေ့ကျင့်ပေးလျက် ရှိကြောင်း၊  ထို့ကြောင့်  နိုင်ငံတော် ကာကွယ်ရေးတွင်  အမျိုးသမီးများ၏ ပါဝင်မှု ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း    အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ပြောကြားလိုတဲ့ အချက်များကတော့ ဒီလောက်ပဲဖြစ်ပါကြောင်း၊ မီဒီယာများ အနေနဲ့မေးမြန်းလိုတာများ မေးမြန်းနိုင်ပါကြောင်း၊  မီဒီယာတစ်ခုလျှင်မေးခွန်းသုံးခု မေးမြန်းပေးဖို့နဲ့ မေးပြီးသားမေးခွန်းများကို ထပ်မံမမေးမြန်းဖို့ မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။