တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၁၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် အိန္ဒိယနိုင်ငံထုတ် Cotton Fabric ၁၁၃၂၃ကီလိုဂရမ်၊ အင်ဒိုနီးရှားနိုင်ငံထုတ် Fabric (Plain) (65% Polyester) (35% Cotton) (၁၁၁၅၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄၈၇၃၅၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၄၈၇၃၅၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၅ ရက်တွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင် အဝေးပြေးကားဝင်း အတွင်း၌ ကျုံဒိုးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် OTTO Pressure Cooker (၉)လုံး အပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉၉၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ထော်လာဂျီ(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၉၉၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် မီးသွေး(၃၆)ပေါင်ပါ (၂၁၀၃)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၀၃၄၀)နှင့် အဆိုပါမီးသွေးများ တင်ဆောင်လာသည့် Nissan Truckု (၁)စီးနှင့် I.Zone Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၈၈၀၃၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hijetမော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၆၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၃၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဇူလိုင်လ ၁၃ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၅၈၀၃၀၃၅)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။