တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်း စတုတ္ထ အသုတ်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး(၄)သန်း စတုတ္ထ အသုတ်ရောက်ရှိ

ရန်ကုန် အောက်တိုဘာ ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှ ဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ်ဆေး(၄) သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ)ဆေးအလုံးရေ(၈)သိန်း တင်ဆောင်လာသော Air China - 589 လေယာဉ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ စတုတ္ထအသုတ်အဖြစ် ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ တရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများရောက်ရှိလာရာသို့ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံခဲ့ကြောင်းသိရသည်။
ထိုသို့ရောက်ရှိလာသော ဆေးများသည် မြန်မာနိုင်ငံမှမှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၄)သန်းအနက် စတုတ္ထအသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ(၈)သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16268 ရောက်ရှိလာခြင်းဖြစ်သည်။ ထိုသို့ရောက်ရှိလာသော ကာကွယ်ဆေးများတွင်ပထမ အသုတ်(၄)သန်းသည် စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်းကောင်း ဒုတိယအသုတ်(၄)သန်းသည် စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်းကောင်း တတိယအသုတ် (၄)သန်းသည် အောက်တိုဘာ(၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခု စတုတ္ထ အသုတ်ပါဝင်လျင် ကာကွယ်ဆေးစုစုပေါင်း(၁၆) သန်းရောက်ရှိပြီးဖြစ်သည်။ ထပ်မံ၍ အောက်တိုဘာလအတွင်း ကာကွယ်ဆေးများ ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Sinopharm ဆေးသည် ဆေးတစ်ပုလင်းလျင် လူဦးရေ (၅) ဦး ထိုးနိုင်ကြောင်းသိရသည်။ ထိုရန်ကုန်မြို့သို့ရောက်လာသော ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုဆေးသိုလှောင်ခန်း(အအေးခန်း)တွင် ထားရှိမည်ဖြစ်သည်။