နေပြည်တော်၊ ဇွန် - ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ကျိုက်ထီးရိုးတောင်ပေါ် စေတီတော် ထီးတော်တင်ခြင်းနှင့် ပုံလို့တောရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာစာရ ၏ နှစ်(၅၀)ရွှေရတုပူဇော်ပွဲ၊ နှစ်(၅၀)ပြည့် ဝိဇတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ဇွန် ၃ ရက်နေ့မှ (၉)ရက်နေ့အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်ဖူးမြော် ကြည်ညို ကြသည်။
ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပုံလို့ကုသိနာရုံဘုရားအား သွားရောက်ဖူး မြော်၍ ကျိုက်ထီးရိုးတောင်ပေါ်ရှိ အရံစေတီတော်များအား တိုင်းမှူးက ဌာပနာတော် သွင်း၍ ထီးတော်တင်ပူဇော်ကာ ပရိတ်ရေများ ပက်ဖြန်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့သည်။ ထို့နောက် ကျိုက်ထီးရိုးတောင်ပေါ်စေတီတော်အား ဖူးမြော် ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပုံလို့တောရကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပုံလို့တောရကျောင်းတိုက်ရှိ စေတီ ပုထိုးများအား လှည့်လည်ဖူးမြောက်ခဲ့ကြပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။